ရွှေတောင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ကျောင်းအခြေပြုတီဘီရောဂါ ကွင်းဆင်းရှာဖွေခြင်းလုပ်ငန်းများ ဆောင်ရွက်

ရွှေတောင် ဇန်နဝါရီ ၈

ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ကျန်းမာရေးဝန်ကြီးဌာန၏ အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေးစီမံကိန်း၊ ကျောင်းအခြေပြုတီဘီရောဂါကွင်းဆင်းရှာဖွေခြင်းလုပ်ငန်းအစီအစဉ်အရ တီဘီရောဂါစစ်ဆေးရှာဖွေဖော်ထုတ်ခြင်းကို ယနေ့နံနက်က ရွှေတောင်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

တီဘီရောဂါကွင်းဆင်းရှာဖွေခြင်းလုပ်ငန်းဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအောင်မျိုးသန့်၏ဦးဆောင်မှုဖြင့် ရွှေတောင်မြို့နယ်ကျန်းမာရေးဝန်ထမ်းများက မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းပေါင်း(၁၈၀)ရှိ ကျောင်းသားကျောင်းသူ(၁၇၅၉၃)ဦးတို့အား ကွင်းဆင်း၍ တီဘီရောဂါရှိ/မရှိစစ်ဆေးခြင်း၊ တီဘီရောဂါသတိပြုကာကွယ်ရေး အသိပညာပေးဟောပြောခြင်း၊ တီဘီရောဂါသံသယရှိသူ ကျောင်းသားကျောင်းသူများကို မြို့နယ်ပြည်သူ့ဆေးရုံတွင် ဓာတ်မှန်ရိုက်ပေးခြင်း၊ သလိပ်စစ်ဆေးပေးခြင်း၊ ရောဂါရှာဖွေစစ်ဆေးခြင်းတို့ကို ဆောင်ရွက်ပြီး စစ်ဆေးတွေ့ရှိသူရှိပါက တီဘီရောဂါကို ဆက်လက်ကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကိုကိုမင်း (ပြန်/ဆက်)