ကန့်ဘလူ ဇန်နဝါရီ ၈
ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ မီးလောင်မှု၊ မီးလန့်မှုများမဖြစ်ပွားစေရေး၊ စက်သုံးဆီအရောင်းဆိုင်များ၊ တည်းခိုခန်းများ၊ ဌာနဆိုင်ရာရုံးများတွင် လက်တွေ့မီးငြှိမ်းသတ်နည်း သရုပ်ပြခြင်း၊ မီးသတ်ဆေးဘူးအသံပြုနည်းများကို မြိုနယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းလေ့ကျင့်ဆောင်ရွက်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်မီးသတ်ဦးစီးဌာန တပ်ဖွဲ့ဝင်များက ဇန်နဝါရီ ၆ ရက် ညနေ ၄ နာရီက ရပ်ကွက်အတွင်းရှိ မီးသတ်ရေကန်များရေဖြည့်ခြင်း၊ သန့်ရှင်းရေးပြုလုပ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်မီးသတ်တပ်ဖွဲ့စခန်းမှ လက်ထောက်ဦးစီးမှူး ဦးညီညီဦးဆောင်၍ တပ်ဖွဲ့ဝင်များက အမှတ် (၁) ရပ်ကွက်နှင့်အမှတ် (၂) ရပ်ကွက်တို့ရှိ မီးသတ်ရေကန်ပတ်ဝန်းကျင်တွင် သန့်ရှင်းရေးပြုလုပ်ဆောင်ရွက်ခြင်း၊ မီးသတ်ရေကန်အတွင်းသို့ ရေဖြည့်တင်းခြင်းများ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များသည် သဘာဝဘေးရှာဖွေကယ်ဆယ်ရေး၊ မီးဘေးကြိုတင်ကာကွယ်ရေးနှင့် မီးငြှိမ်းသတ်ရေးလုပ်ငန်းများကို စွမ်းရည်ပြည့်ဝစွာ ဆောင်ရွက်နိုင်ရေးတို့အတွက် နေ့စဥ်လေ့ကျင့်ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အောင်ဝင်းငြိမ်း (ကန့်ဘလူ)