ပိုင်ကျုံ ဇန်နဝါရီ ၈
ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့ရှိ ဒေသနေပြည်သူများသည် အများအားဖြင့် လယ်ယာစိုက်ပျိုးရေးနှင့် တိရစ္ဆာန်မွေးမြူရေးများကိုသာ အဓိကထား လုပ်ကိုင်ကြပြီး မိုးအကုန်ဆောင်းအကူးတွင် ယင်းတို့၏ ကိုင်းမြေများပေါ်၌ မိသားစုစားဝတ်နေရေး အဆင်ပြေစေရေးအတွက် တိုင်ထောင်ပဲများ အများဆုံးစိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
ပဲတောင့်ရှည်တွင် အပင်ပုမျိုးနှင့် အပင်ရှည်မျိုးဟူ၍ နှစ်မျိုးခွဲခြားစိုက်ထားကြသည်။ အပင်ရှည်မျိုးကို တိုင်ထောင်၍ စိုက်ပျိုးကြသည်။ တိုင်ထောင်ပဲကို တစ်တန်းနှင့်တစ်တန်း သုံးပေခြားပြီး တစ်ပင်နှင့်တစ်ပင် (၉-၁၂) လက်မခွာ၍ စိုက်ကြသည်။ အပင်ပုမျိုးများကို တစ်တန်းနှင့်တစ်တန်း (၁.၅-၂)ပေခြား၍ တစ်ပင်နှင့်တစ်ပင် နှစ်ပေခွာ၍ စိုက်ကြသည်။ တိုင်ထောင်ပဲသည် စိုက်ပျိုးစရိတ် သက်သာပြီး တစ်နှစ်ပတ်လုံး စိုက်ပျိုးနိုင်သည့် သီးပင်စားပင် တစ်မျိုးဖြစ်သည်။ တိုင်ထောင်ပဲသည် ရာသီအလိုက် စျေးနှုန်းကွာခြားလျက်ရှိကြောင်း၊ ယခုရာသီတွင် ပဲတောင့်တစ်ပိဿာလျှင် (၃၀၀၀-၄၀၀၀) ကျပ်ဖြင့် ရောင်းရကြောင်း စိုက်ပျိုးသူထံမှ သိရသည်။
ပိုင်ကျုံမြို့ရှိ ဒေသခံပြည်သူများအနေဖြင့် မိမိပိုင်ဥယျာဉ်ခြံများတွင် မိသားစုစားဝတ်နေရေး အဆင်ပြေရေးအတွက် ပဲတောင့်ရှည်မျိုးများအပြင် သခွား၊ ချဉ်ပေါင်၊ ငရုပ်နှင့် အခြားဟင်းသီးဟင်းရွက်များလည်း ရာသီအလိုက် စိုက်ပျိုးကြကြောင်း သိရသည်။
နော်ခူး (ပြန်/ဆက်)