ရေတာရှည် ဇန်နဝါရီ ၇
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် ကြံသီးနှံမျိုးသန့်ခြံ(ဘိုးတော်ကုန်း)၌ မဲခေါင်လန်ချန်းပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ ၂၀၂၂ စီမံကိန်းဖြင့်ဆောင်ရွက်သည့် ကြံသီးနှံလမိုင်းအထွက်နှုန်းတိုးတက်အောင်စက်ကိရိယာအသုံးပြု၍ စိုက်ပျိုးထုတ်လုပ်မှု နည်းပညာပေးဆွေးနွေးပွဲနှင့် သရုပ်ပြပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် စိုက်ပျိုးရေးဦးစီးဌာန သကြားထွက်သီးနှံဌာနခွဲညွှန်ကြားရေးမှူးဦးဝင်းလှိုင်ဦးမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ကြံသီးနှံမျိုးသန့်ခြံ(ဘိုးတော်ကုန်း)၌ သရုပ်ပြပွဲပြုလုပ်ခဲ့သည်။
ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန(ရုံးချုပ်)သကြားထွက်သီးနှံဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူးနှင့်တာဝန်ရှိသူများ၊ ကြံသီးနှံမျိုးသန့်ခြံတာဝန်ခံဦးဇော်မြင့်နိုင်မှ အထွက်နှုန်းပြည့်မီရေး၊ စနစ်တကျစိုက်ပျိုးရေးနည်းလမ်းများအား အသိပညာပေးဆွေးနွေးခဲ့သည်။
အဆိုပါအခမ်းအနားသို့ ကြံစိုက်ပျိုးသည့်ကျေးရွာအုပ်စုများမှ ကြံစိုက်တောင်သူများ၊ ဌာနဆိုင်ရာများစုစုပေါင်းအင်အား ၈၀ ဦးခန့်တက်ရောက်ခဲ့သည်။ ကြံသီးနှံစိုက်ပျိုးရေးအထောက်အကူပြုပစ္စည်း(၆)မျိုးကို ကြံစိုက်တောင်သူ(၅၀)ဦးအား ပေးအပ်ခဲ့ပြီး သိလိုသည်များကိုမေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)