လှိုင်းဘွဲ ဇန်နဝါရီ ၈
ကရင်ပြည်နယ်၊ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ ထီလုံကျေးရွာအုပ်စုအတွင်းရှိ ရေဘုတ်ရေလှောင်တမံမှ ဖြန့်ဝေသော ရေများကိုအသုံးပြု၍စားဖိုဆောင်ဟင်းသီး၊ဟင်းရွက်များကို စိုက်ပျိုးကြသဖြင့် မိသားစုဝင်ငွေများ နေ့စဉ်ပုံမှန်ရရှိကြောင်း ဟင်းသီး၊ဟင်းရွက်များစိုက်ပျိုးရောင်းချနေကြသည့် တောင်သူများထံမှ သိရသည်။
စားဖိုဆောင်ဟင်းသီး၊ ဟင်းရွက်သီးနှံများနှင့် ဘုရားပန်းများကို စိုက်ပျိုးရောင်းချနေသည့် ဟိန္ဒူဘာသာဝင် ဒေါ်တင်တင်အေးက ကျွန်မတို့အနေနဲ့က အိမ်မှာအခုမိန်းမသားနှစ်ဦးတည်းဖြင့် စိုက်ပျိုး လုပ်ကိုင်နေပါကြောင်း၊ မြေအကျယ်အဝန်းက ဧကဝက်ကျော်လောက်ပဲ စိုက်နိုင်ကြောင်း၊ ဟင်းသီး၊ ဟင်းရွက်နဲ့ ဘုရားပန်းတွေကို ထီလုံစျေးမှာ မနက်စောစောသွားရောင်းကြကြောင်း၊ တစ်ရက်ဝင်ငွေ အနေဖြင့် (၄)သောင်းကျပ် နီးပါးရရှိကြောင်း၊ရေဘုတ်ဆည်က ရေတွေကနွေစပါးစိုက်ပျိုးဖို့အတွက် ဖြစ်ပေမယ့် ရေသွယ်မြောင်းတွေက ခြံအနီးက ဖြတ်စီးနေသည့်အတွက် ရေကိုအခမဲ့ရရှိကြောင်း၊ အိမ်မှာမွေးမြုထားသည့် နွားနှင့်ဆိတ်များ၏ ချေးတို့ဖြင့် စိုက်ခင်းအတွက် ဝဲထည့်ကြကြောင်း၊ ဓါတ်မြေသြဇာများစျေးနှုန်းများ ကြီးမြှင့်သဖြင့် သဘာဝမြေသြဇာကိုသာသုံးစွဲကြရကြောင်း ရှင်းပြသည်။
ဟင်းသီး၊ ဟင်းရွက်များစိုက်ပျိုးရောင်းချနေကြသည့် တောင်သူများက မျိုးစေ့ဖိုးစျေးတက်ကြောင်း၊ တရုတ်နှင့်ထိုင်းနိုင်ငံတို့မှ တင်သွင်းသည့်မျိုးစေ့များမှာ တစ်ကြိမ်သာစိုက်ပျိုးနိုင်ပြီး နောက်နှစ်အတွက် မျိုးစေ့ထား၍မရကြောင်း၊ မိမိတို့နိုင်ငံ၏ မျိုးစေ့များကိုသာ နောက်နှစ်စိုက်ပျိုးနိုင်ရန်အတွက် မျိုးစေ့ချန်ထား၍ရကြောင်းကျေးလက်ဒေသများတွင် စားဖိုဆောင်သီးနှံများစိုက်ပျိုးရန် မြေနေရာများ စွာရှိနေကြသော်လည်း အများစုမှာ စိုက်ပျိုးလုပ်ကိုင်ခြင်းမရှိကြသဖြင့် စားသုံးသူနှင့် စိုက်ပျိုးရောင်းချသူအချိုးမညီမျှမှု၊ တစ်ဆင့်ခံဝယ်ယူရောင်းချမှုတို့ကြောင့် ဟင်းသီး၊ ဟင်းရွက်များစျေးနှုန်း မြှင့်တက်လာခြင်းဖြစ်ကြောင်း တောင်သူများကရှင်းပြသည်။
ရေဘုတ်ရေလှောင်တမံဆည်မှ ဖြန့်ဝေသော ရေများကိုအသုံးပြု၍ ထီလုံကျေးရွာ၊ သမ္ဘာန်ကျေးရွာ၊ နောင်သငဲ့ကျေးရွာများမှ ဒေသနေပြည်သူများ၏ ခြံဝင်းနှင့်လယ်မြေများတွင် ဘူး၊ သခွား၊ ရုံးပတင်၊ ငရုပ်၊ ပဲတောက်ရှည်၊ မုန်လာ၊ မုန်ညင်း၊ ပြောင်းဖူး၊ ကန်စွန်း၊ ခရမ်းပင်၊ ချည်ပေါင်ပင် စသည့် စားဖိုဆောင် ဟင်းသီး၊ဟင်းရွက်များကို အများအပြားစိုက်ပျိုးထားလျက်ရှိကြောင်း သိရသည်။
စောဒိ(ပြန်/ဆက်)