နတ်မောက်မြို့ အခြေခံပညာထက်တန်းကျောင်း (အောင်ဆန်း) တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် ကျင်းပ

နတ်မောက် ဇန်နဝါရီ ၈

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က အခြေခံပညာအထက်တန် းကျောင်း (အောင်ဆန်း) တွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ Grade- 8 ကျောင်းသား/သူလေးများက အနာဂတ်လူရည်မွန်တေးသီချင်းဖြင့် အခမ်းအနားအား ဖွင့်လှစ်ခဲ့ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ မြို့နယ်စခန်းမှူး ၊ ဒုတိယမြို့နယ်ပညာရေးမှူးနှင့် ကျောင်းကော်မတီဝင်တို့က ကျောင်းသား/သူများအနေဖြင့် အားကစားရော၊ ပညာရေးပါ နှစ်ဖြာသောအကျိုးကိုသယ်ပိုးနေကြသော လူငယ်မောင်မယ်များဖြစ်ကြသည့်အတွက် အခြားကျောင်းသား/ သူအားလုံးထက် ပိုမိုကြိုးစားလေ့လာသင်ယူကြရန် လိုအပ်ပါကြောင်း၊ ကျောင်းသား/သူအားလုံး ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ ဘက်စုံဖွံ့ဖြိုးတိုးတက်ကာ အရည်အသွေးထက်မြက်ပြီး နိုင်ငံတော်အတွက် အားထားရသော ထူးချွန် ထက်မြက်သူများဖြစ်အောင် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကြိုးစားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့ကြသည်။ ထို့နောက် ကျောင်းအုပ်ဆရာကြီး ဦးဗိုလ်မြတ်နိုင်က ပညာရေးစုံညီပွဲတော် ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ဆုပေးပွဲကိုဆက်လက်ကျင်းပရာ ကာယ၊ ဉာဏပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသား/သူများကို တက်ရောက်လာကြသည့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဆရာ/မတို့က ဆုများအသီးသီးဂုဏ်ပြုဆုများပေးအပ်ခဲ့ကြသည်။

ဆက်လက်၍ အခမ်းအနားတွင် တက်ရောက်လာကြသည့် ဌာနဆိုင်ရာများ၊ ဆရာ/မများ၊ ကျောင်းသား/သူများနှင့် မိဘပြည်သူများက ကျောင်းသား/သူများ၏ ဖျော်ဖြေတင်ဆက်နေမှုများကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

လှဝင်း