မင်းဘူး ဇန်နဝါရီ ၈
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့ စည်ပင်သာယာမြို့မဈေးကြီး၌ ပွင့်လင်းရာသီ မီးဘေးလုံခြုံရေးနှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို မင်းဘူးခရိုင်နှင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများက ယမန်နေ့ နေ့လယ် ၁ နာရီအချိန်က ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် ခရိုင်မီးသတ်ဦးစီးမှူး ဦးထွန်းထွန်းဦးဆောင်ပြီး ခရိုင်နှင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဝင်းနိုင်နှင့် တာဝန်ရှိသူများက မင်းဘူးမြို့မဈေးကြီးအတွင်း ဈေးရောင်း၊ ဈေးဝယ် ပြည်သူများအား ပွင့်လင်းရာသီ မီးဘေးလုံခြုံရေးနှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် မီးသတ်ဆေးဘူးအား ကိုင်တွယ်အသုံးပြုပုံအဆင့်ဆင့်၊ အသုံးပြု၍မရသော မီးသတ်ဆေးဘူးများအား အသစ်လဲလှယ်ထားရှိရေးနှင့် မီးလောင်လွယ်သော သုံးစွဲပြီး အမှိုက်သရိုက်များအား စနစ်တကျသိမ်းဆည်းပြီး စွန့်ပစ်စေရေး၊ မြို့မဈေးကြီးအတွင်း အရန်သင့် ဆောင်ရွက်ထားရှိသော မီးချိတ်၊ မီးကပ်၊ လှေကား၊ မီးသတ်ဆေးဘူးများ၊ အပေါ့စားမီးငြှိမ်းသတ်စက်များနှင့် မီးသတ်ရေပိုက်လိုင်းများ အသုံးပြုနိုင်ရန် ကြိုတင်စမ်းသပ်စစ်ဆေးခြင်း၊ ဈေးအရောင်းဆိုင်များအတွင်း မီးသတ်ဆေးဘူးများအား အလွယ်တကူအသုံးပြု၍ရသောနေရာ(လူမြင်ကွင်း)တွင် အရန်သင့် ချိတ်ဆွဲတပ်ဆင်ထားရှိရေး၊ မြို့မဈေးကြီးအတွင်းရှိ မီးသတ်ရေလှောင်ကန်များ၊ အမြင့်တင်ရေစင်နှင့် ရေစုကန်များအတွင်း အရေးပေါ်ရေများ အရန်သင့် သိုလှောင်စုဆောင်းထားရှိရေးတို့အပြင် ဈေးလုံခြုံရေးမီးလိုင်းများနှင့် မီတာများအား စနစ်တကျ သွယ်တန်းတပ်ဆင်ထားရှိရေး လုပ်ငန်းများကို ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြသည်။
ဆက်လက်ပြီး ခရိုင်နှင့်မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများက စကုမြို့ရှိ စည်ပင်သာယာမြို့မဈေးကြီးတွင်လည်း အလားတူ စစ်ဆေးခြင်းလုပ်ငန်းများကို သွားရောက်ကွင်းဆင်းပြီး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။
မောင်မောင်(မင်းဘူး)