မြဝတီ ဇန်နဝါရီ ၈
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ပြင်းထန်ဝမ်းပျက်၊ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ခြင်းအနေဖြင့် ဖွင့်လှစ်ရောင်းချလျက်ရှိသည့် ကျောင်းမုန့်ဈေးတန်းများအား စစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်ကျန်းမာရေးဌာနနှင့် သက်ဆိုင်ရာ ဌာနအလိုက် တာဝန်ရှိသူများသည် အ.ထ.က(၁)၊ အ.ထ.က(၃)၊ အ.ထ.ကခွဲ(၃)၊ အ.လ.က(၂) တို့၌ ဆက်လက်ကွင်းဆင်းဆောင်ရွက်သည်။
ထို့သို့ ကွင်းဆင်းစစ်ဆေးရာတွင် ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှူး ဦးနိုင်မိုးကို၊ ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ဒုတိယကြီးကြပ်ရေးမှူး (အစားအသောက်) ဦးသာနိုင်စိုးနှင့် မြို့နယ်စည်ပင် သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ကျော်ဦး၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အမျိူးသမီးကျန်းမာရေးဆရာမ ဒေါ်နန်းမြအောင်၊ ဒုတိယမြို့နယ်ပညာရေးမှူး(ပညာ) ဦးဇေယျာအောင်နှင့် ပူးပေါင်းအဖွဲ့တို့သည် ကျောင်းမုန့်ဈေးတန်းများတွင် ရောင်းချနေသည့်မုန့်များ သန့်ရှင်းလတ်ဆတ်မှုရှိ/မရှိ၊ ရက်လွန်အစားအစာများ ရောင်းချခြင်းရှိ/မရှိစစ်ဆေးခြင်း၊ ပါကင်ဖြင့်ထုပ်ပိုးထားသည့် အသင့်စားမုန့်များကိုသာ ရောင်းချရမည်ဖြစ်ကြောင်းနှင့် လက်လုပ်အစားစားများ ရောင်းချခြင်း မပြုကြရေးတို့ကို ပြောကြားပြီး ပြင်းထန်ဝမ်းပျက်၊ဝမ်းလျှောရောဂါ ဖြစ်ပွားရခြင်း အကြောင်းရင်းများ၊ ရောဂါမဖြစ်ပွားစေရန် ကြိုတင်ကာကွယ်လိုက်နာရမည့်အချက်များနှင့် ရောဂါဖြစ်ပွားပါက နီးစပ်ရာကျန်းမာရေးဌာနသို့ အမြန်ဆုံးဆေးကုသမှုခံယူသင့်ကြောင်းကို အသိပညာပေး ဟောပြောသည်။
ထို့အတူ ကျန်ရှိသည့်အခြေခံပညာကျောင်းများတွင် ပြင်းထန်ဝမ်းပျက်/ဝမ်းလျှောရောဂါ မဖြစ်ပွားစေရန် အသိပညာပေး ဟောပြောပွဲနှင့် ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဇာဖြူဝင်း(မြဝတီ)