ပခုက္ကူ ဇန်နဝါရီ ၇
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်း၊ အလယ်တန်းနှင့် မူလတန်းကျောင်းများတွင် တီဘီရောဂါရှိ/ မရှိ အရှိန်အဟုန်မြှင့်စမ်းသပ်ရှာဖွေရေးဆိုင်ရာ အသိပညာပေးရှင်းလင်းပွဲကို ယနေ့မွန်းလွဲ ၂ နာရီအချိန်က ပခုက္ကူမြို့၊ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
အသိပညာပေးရှင်းလင်းပွဲတွင် ပခုက္ကူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုးမိုးက အမှာစကားပြောကြားပြီး ပခုက္ကူမြို့၊ အထွေထွေရောဂါကုပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာဝေဝေဦးက မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် တီဘီရောဂါရှိ/မရှိ အရှိန်အဟုန်မြှင့်စမ်းသပ်ရှာဖွေရေးဆိုင်ရာအသိပညာပေးရှင်းလင်းပွဲပြုလုပ်ရခြင်းရည်ရွယ်ချက်များနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များအကြောင်းတို့ကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ပခုက္ကူမြို့၊ အထွေထွေရောဂါကုပြည်သူ့ဆေးရုံအုပ်ကြီးနှင့် အထူးကုဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်ပညာရေးမှူးနှင့် အခြေခံပညာကျောင်းအုပ်ကြီးများက တီဘီရောဂါရှိ/မရှိအရှိန်အဟုန်မြှင့်စမ်းသပ်ရှာဖွေနိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ အပြန်အလှန်ဆွေးနွေးကြကြောင်းသိရသည်။
ဘာမီသာ(ပခုက္ကူ)