ဗန်းမောက်မြို့၌ ဣစ္ဆာသယ ဇလုံတောင်တော်ဘုရားသို့ ဖူးမြော်ကြည်ညိုနိုင်ရန် ကြော်ငြာ ဆိုင်းဘုတ် ဖွင့်ပွဲနှင့် ဆိုင်းဘုတ်စိုက်ထူပွဲအခမ်းအနားကျင်းပ

ဗန်းမောက် ဇန်နဝါရီ ၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်အတွင်းရှိ ဣစ္ဆာသယ ဇလုံတောင်တော်ဘုရားသို့ ရပ်ဝေးရပ်နီးမှ ဘုရားဖူးပြည်သူများ လာရောက်ဖူးမျှော်နိုင်ကြည်ညိုနိုင်ရန် ကြော်ငြာဆိုင်းဘုတ်ဖွင့်ပွဲနှင့်စိုက်ထူပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီ အချိန်ကမြို့နယ်ခန်းမရှေ့ ဗန်းမောက်-ဇလုံတောင် ကားလမ်းမ၌ ကျင်းပသည်။

ပထမဦးစွာ မြို့နယ်သံဃနာယကဥက္ကဌ မြို့မကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဝိစိတ္တ၊ ခေတ္တနည်းဗျူဟာမှူးဒုတိယဗိုလ်မှူးကြီး ဇော်နိုင်ဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမွန်အောင်၊ (SNA) တပ်ရင်းမှူး ဇေခက်နိုင်နှင့် ဇလုံတောင်တော်ဘုရား ဂေါပကဦးကျော်ဝေတို့က ဣစ္ဆာသယ ဇလုံတောင်တော်ဘုရားသို့ ဖူးမျှော်နိုင်ကြည်ညိုနိုင်ရန် ကြောငြာဆိုင်းဘုတ်အားဖဲကြိုးဖြတ်ဖွင့်လှစ်ကြသည်။

ဆက်လက်၍ မြို့နယ်သံဃနာယကဥက္ကဋ္ဌ မြို့မကျောင်းတိုက်ဆရာတော် ဘတ္ဒန္တဝိစိတ္တက အဖွင့်သြဝါဒစကားမိန့်ကြားပြီး ဇလုံတောင်တော်ဘုရား ဂေါပကဦးကျော်ဝေက ဇလုံတောင်တော်ဘုရားသို့ အန္တရာယ်ကင်းစွာ သွားရောက်ဖူးမျှော်ကြည်ညိုနိုင်အောင် အဖက်ဖက်မှကူညီဆောင်ရွက်ပေးကြသူများအား ကျေးဇူးတင်အမှာစကားပြောကြားကြသည်။

ထို့နောက် ဆရာတော်ဘုရားများနှင့်သက်ဆိုင်ရာတာဝန်ရှိသူများက ဣစ္ဆာသယ ဇလုံတောင်တော်ဘုရားသို့ ဖူးမျှော်ကြည်ညိုနိုင်ရန်ကြော်ငြာ ဆိုင်းဘုတ်အား စိုက်ထူကြပြီး အဆိုပါဆိုင်ဘုတ်အား အမွှေးနံ့သာရေများ ပက်ဖြန်းကြကာ ဇလုံတောင်တက်မည့် လိုင်းကားများကိုပါ အန္တရာယ်ကင်းအမွှေးနံ့သာရေများ ပက်ဖြန်းပေးခဲ့ကြသည်။

ယင်းနောက် အခမ်းအနားသို့ကြွရောက်လာကြသည့် ဆရာတော်ကြီးများ၊ ခေတ္တနည်းဗျူဟာမှူးကြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ဌာနဆိုင်ရာများ၊ ဆရာဆရာမများနှင့် ကျောင်းသားကျောင်းသူများက အမှတ်တရ မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးကြပြီး အခမ်းအနားကို အောင်မြင်စွာရုပ်သိမ်းလိုက်ကြောင်း သိရှိရသည်။

ဗန်းမောက် (ပြန်/ဆက်)