ချောင်းသာ (အ.လ.က) ၌ ကျောင်းအခြေပြု တီဘီရောဂါကွင်းဆင်းရှာဖွေခြင်း ကွင်းဆင်းဆောင်ရွက်

ချောင်းသာ ဇန်နဝါရီ ၇

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့ကျန်းမာရေးဌာနက ကျောင်းအခြေပြုတီဘီ ရောဂါကွင်းဆင်းရှာဖွေခြင်းကို ယနေ့နံနက် (၁၀) နာရီက အ.လ.က (ချောင်းသာ) တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ချောင်းသာမြို့တိုက်နယ်ကျန်းမာရေးဌာနမှ ဦးထွန်းအောင်ကို (ကျန်းမာရေးမှူး) က တီဘီရောဂါသည် မြန်မာနိုင်ငံ၏အဓိက ဦးစားပေးဖြေရှင်းရမည့် ပြည်သူ့ကျန်းမာရေးပြဿနာ တစ်ရပ်အနေဖြင့်လည်း ရပ်တည်လျက်ရှိနေပါကြောင်းတို့ကို ရှင်းလင်းဟောပြောခဲ့ပြီး တိုက်နယ် ကျန်းမာရေးဌာနမှဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများအား တီဘီရောဂါလက္ခဏာများနှင့် တီဘီရောဂါဖြစ်ပွားစေတတ်သော အကြောင်းအရာများကို မေးမြန်းခြင်းနှင့် တီဘီရောဂါရှိ/မရှိ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ (အ.လ.က) ချောင်းသာတွင် တက်ရောက်ပညာသင်ကြားနေကြသော ကျောင်းသား၊ ကျောင်းသူများကို တီဘီရောဂါကူးစက်ပြန့်ပွားမှု မရှိစေရန်နှင့် တီဘီရောဂါပိုးစောစီးစွာ ရှာဖွေဖော်ထုတ်ကုသနိုင်ရန်ရည်ရွယ်ပြီး ဆောင်ရွက်ခြင်းဖြစ်ပြီး အလားတူချောင်းသာမြို့အတွင်းရှိ အခြေခံကျောင်းများတွင်လည်း ကွင်းဆင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ကျော်ကျော် (ပြန်/ဆက်)