နတ်တလင်း ဇန်နဝါရီ ၇
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများအား ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလနှင့် ဘောဂဗလအစရှိသည့် ဗလငါးတန်အပါအဝင် အထွေထွေအသိပညာဗဟုသုတများ ဖွံ့ဖြိုးတိုးတက်မြင့်မားစေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယနေ့နံနက် ၉ နာရီက အ.ထ.က(ကရင်ကုန်း)ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အ.ထ.က(ကရင်ကုန်း)ကျောင်းမှ တာဝန်ခံကျောင်းအုပ်ဆရာမကြီး ဒေါ်ဝင်းသီတာမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်ခင်သူဇာဝင်းက လူငယ်စကားဝိုင်းများ ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်နှင့်အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြား၍ လူငယ်စကားဝိုင်းစတင်ကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဒေါ်ခင်သူဇာဝင်းမှ ဦးဆောင်ဆွေးနွေးသူအဖြစ်ပါဝင်ဆောင်ရွက်ခဲ့ပြီး ဆွေးနွေးပွဲ၌ GRADE-11(A)မှ မောင်ရဲထွဋ်ဇော်က "လူငယ်နှင့်စာပေ"ခေါင်းစဉ်ဖြင့်လည်းကောင်း၊ GRADE-11(A)မှ မမိုးမြတ်ချယ်က "လူငယ်နှင့်မူးယစ်ဆေးဝါး" ခေါင်းစဉ်ဖြင့် လည်းကောင်း၊ GRADE-11(A)မှ မဇင်သူမိုးက "လူငယ်နှင့်အားကစား" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ GRADE-11(A)မှ မနွေကဗျာက "လူငယ်နှင့်ကျန်းမာရေး" ခေါင်းစဉ်တို့ဖြင့် ဆွေးနွေးခဲ့ကြပြီးဆွေးနွေးချက်များအပေါ် တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည့်အချက်များကို ပြန်လည်မေးမြန်းဆွေးနွေးကြရာဦးဆောင်ဆွေးနွေးသူနှင့် ကဏ္ဍအလိုက်ပါဝင်ဆွေးနွေးသူများက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။
လူငယ်စကားဝိုင်းဆွေးနွေးပွဲသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်ခင်သူဇာဝင်းနှင့်ဝန်ထမ်းများ၊ တာဝန်ခံကျောင်းအုပ်ဆရာမကြီးဒေါ်ဝင်းသီတာနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများစုစုပေါင်း (၁၅၀)ခန့်တက်ရောက်ခဲ့ပြီး ပါဝင်ဆွေးနွေးသူ ကျောင်းသား၊ ကျောင်းသူများကို ဂုဏ်ပြုလက်ဆောင်များပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ဝေယံဖြိုး(ပြန်/ဆက်)