ပြည် ဇန်နဝါရီ ၇
ပြည်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်မြို့နယ်စာရေးဆရာအသင်းတို့ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်ခရိုင်ရုံးလူထုအခြေပြုဗဟိုဌာန၌ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပရာ ပြည်မြို့အမှတ်(၅)အခြေခံပညာကျောင်းမှ ဆရာ၊ ဆရာမများနှင့် အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ ပြည်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှူး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ရွှေဝါဖူးက ကျောင်းသားလူငယ်များ၏ အားလပ်ချိန်များနှင့် ကျောင်းပိတ်ရက်များတွင် ဗလငါးတန်ဖွံ့ဖြိုးရေးနှင့် ကျောင်းစာအပြင် ပြင်ပဗဟုသုတနှင့်အသိဉာဏ်ပညာပိုမိုဖွံ့ဖြိုးတိုးတက်ရရှိစေရေးအတွက် ပြည်ခရိုင်ပြည်သူ့စာကြည့်တိုက်ရှိ သုတ/ရသစာအုပ်စာပေများကို အခမဲ့လာရောက် လေ့လာဖတ်ရှုနိုင်ရန် ဖိတ်ခေါ်ပါကြောင်းပြောကြားသည်။
ထို့နောက် ပြည်မြို့နယ်စာရေးဆရာအသင်းမှ စာရေးဆရာမောင်ထက်ရှား(ပြည်)က စာဖတ်ခြင်းနှင့်လူငယ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအကြောင်း၊ မမေ့အပ်သော နိုင်ငံတော်၏နေ့ထူး/နေ့မြတ်များအကြောင်းနှင့် လူငယ်များအနေဖြင့် မိမိတို့သိလိုသည်များကို သိရှိနိုင်ရေးအတွက် သုတ/ရသစာအုပ်စာပေများကို အမြဲမပြတ် ရှာဖွေလေ့လာဖတ်ရှုရေးအကြောင်းတို့ကို အသိပညာပေးဆွေးနွေးဟောပြောသည်။
ယင်းနောက် ကျောင်းသား၊ ကျောင်းသူများက အခမ်းအနားတွင် ခင်းကျင်းပြသထားသော ပြည်ခရိုင်ပြည်သူ့စာကြည့်တိုက်မှ သုတ/ရသစာအုပ်စာစောင်မျိုးစုံနှင့် ကဏ္ဍစုံအသိပညာပေး နံရံကပ်စာစောင်များကို စိတ်ဝင်တစား ဖတ်ရှုလေ့လာကြကြောင်း သိရသည်။
ကိုဆက်(ပြန်/ဆက်)