ပွင့်ဖြူမြို့နယ်၌ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ကုလားပဲ ၄၂၄၇၇ ဧကထိ စိုက်ပျိုးပြီးစီးပြီဖြစ်ကာ သီးနှံအထွက်နှုန်းတိုးပွားရေး တောင်သူများ ကြိုးပမ်းဆောင်ရွက်

ပွင့်ဖြူ ဇန်နဝါရီ ၇

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ကုလားပဲသီးနှံ ၄၂၄၇၇ ဧကထိ စိုက်ပျိုးပြီးစီးသွားပြီဖြစ်ကြောင်းနှင့် သီးနှံအထွက်နှုန်းများ တိုးတက်စေရန် လိုအပ်သော စိုက်ပျိုးရေးသွင်းအားစုများ ထည့်သွင်းခြင်းနှင့် ပိုးမွှားရောဂါ မကျရောက်စေရေး ကြိုတင်ကာကွယ်နှိမ်နင်းခြင်းစသည့် လုပ်ငန်းများကို ဒေသခံတောင်သူများက အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ကုလားပဲသီးနှံ ၂၁၈၄၃ ဧက စိုက်ပျိုးရန် လျာထားရှိပြီး သတ်မှတ်စိုက်ဧက ပြည့်မီစေရန်အတွက် ဒေသခံတောင်သူများက ၂၀၂၄ ခုနှစ် အောက်တိုဘာလမှ စတင်စိုက်ပျိုးခဲ့ရာ ယနေ့တွင် ကုလားပဲသီးနှံ ၄၂၄၇၇ ဧကထိ စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။

"ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီမှာ စားနပ်ရိက္ခာဖူလုံစေဖို့နဲ့ တောင်သူတွေ သီးနှံဝင်ငွေ တိုးပွားစေဖို့ ရည်ရွယ်ပြီး ကုလားပဲသီးနှံ ၂၁၈၄၃ ဧက လျာထားစိုက်ပျိုးဆောင်ရွက်ခဲ့ရာ ဒီနေ့ထိ ၄၂၄၇၇ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်လို့ လျာထားဧကထက် ကျော်လွန်အောင် စိုက်ပျိုးပြီးစီးပြီဖြစ်ပါတယ်။ စိုက်ပျိုးရေ အဆင်ပြေတဲ့အတွက် ကုလားပဲသီးနှံစိုက်ပျိုးရေးလုပ်ငန်းက အောင်မြင်ဖြစ်ထွန်းမှု ရှိပါတယ်။ လက်ရှိမှာ စိုက်ပျိုးပြီးစီးတဲ့ ကုလားပဲစိုက်ခင်းတွေကို သီးနှံအထွက်နှုန်း ကောင်းမွန်အောင် တောင်သူတွေက ကြိုးပမ်းလုပ်ကိုင်နေကြပါတယ်။ စိုက်ပျိုးရေးဦးစီးဌာနက ဝန်ထမ်းတွေကလည်း ကုလားပဲစိုက်ပျိုးတောင်သူတွေများကို စိုက်ပျိုးရေးသွင်းအားစုတွေ စနစ်တကျ သုံးစွဲတတ်စေရေး၊ ပိုးမွှားရောဂါမကျရောက်အောင် ကြိုတင်ကာကွယ်နှိမ်နင်းရေး နည်းလမ်းတွေကို ပံ့ပိုးကူညီဆောင်ရွက်ပေးနေပါတယ်"ဟု ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြသည်။  

သီးနှံများ စိုက်ပျိုးရာတွင် အထွက်နှုန်း တိုးတက်အောင် စိုက်ပျိုးနိုင်ပါက ဒေသတွင်း စားသုံးမှု ဖူလုံစေမည့်အပြင် ပိုလျှံမှုကို ရောင်းချနိုင်သဖြင့် တောင်သူများ၏ လူမှုစီးပွားဘဝများ ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်၍ သီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရေး ဒေသမရွေး ကြိုးပမ်းရမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။  

ပွင့်ဖြူမြို့နယ်တွင် ဆောင်းသီးနှံများ လျာထားဧက ပြည့်မီအောင် စိုက်ပျိုးနိုင်ရန် စိုက်ပျိုးရေးဦးစီးဌာနက ဒေသနှင့် ကိုက်ညီသော မျိုးသန့်မျိုးစေ့များ ရွေးချယ်မှုမှန်ကန်စေရေး ၊ မြေဆီလွှာ ကောင်းမွန်အောင် ပြုပြင်ရေး၊ စိုက်နည်းများ မှန်ကန်စေရေး၊ ပိုးသတ်ဆေးသုံးစွဲနည်းစနစ်များ မှန်ကန်စေရေး ၊ အပင်အားဆေးများ စနစ်တကျ သုံးစွဲတတ်စေရေးနှင့် ပိုးမွှားအန္တရာယ်ကင်းရှင်းရေးစသည့် တောင်သူအသိပညာပေးလုပ်ငန်းများကို ပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )