သဲကုန်းမြို့နယ်တွင် ကွမ်းရွက်စိုက်ပျိုးရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ

သဲကုန်း ဇန်နဝါရီ ၇

ပဲခူးတိုင်း​ဒေသ​ကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်အတွင်း ကျေးရွာများရှိဒေသခံ​တောင်သူများအနေဖြင့် လယ်ယာစိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်လျက်ရှိရာ အပိုဝင်ငွေတိုးပွားစေရန် ဥယျာဉ်ခြံမြေများတွင် သီးပင်စားပင်များစိုက်ပျိုးရောင်းချလျက်ရှိပြီး တစ်ပိုင်တစ်နိုင်အနေဖြင့်လည်းကောင်း၊ အပိုဝင်ငွေရရှိရန်အတွက်လည်းကောင်း ကွမ်းရွက်စိုက်ပျိုးရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိသည်။

ကွမ်းကိုတစ်နှစ်ပတ်လုံး စိုက်ပျိုးနိုင်သော်လည်း နွေရာသီနှင့်မိုးရာသီကာလများတွင် အထွက်နှုန်းကောင်းမွန်ပြီး ကွမ်းဈေးနှုန်းနိမ့်သော်လည်းဆောင်းရာသီ၌ အထွက်နှုန်းလျော့နည်းသော်လည်း ဈေးကောင်းရရှိသဖြင့် ပိုမိုစိုက်ပျိုးကြပြီး စက်တင်ဘာလတွင် စတင်စိုက်ပျိုး၍ (၅)လအရွယ်တွင်ရောင်းတန်းဝင်ကွမ်းရွက်များကို လှိုင်လှိုင်ဆွတ်ခူးရောင်းချနိုင်သည်။ ကွမ်းရွက်ပင်သည် အပူချိန်နိမ့်သောဒေသများမှလွဲ၍ ကျန်နေရာများတွင် စိုက်ပျိုးနိုင်​ပြီး စိုစွတ်ခြင်းအားနှစ်သက်သော်လည်း ရေဝပ်ခြင်းမရှိစေရန် ကွမ်းစိုက်တောင်သူများသည် ဘောင်စနစ်​၊ ရေလောင်းစနစ်ဖြင့်စိုက်ပျိုးနည်းဖြင့် စိုက်ပျိုးကြရာ ကွမ်းစိုက်တိုင်များကိုလည်း ဝါးလုံးကို ခွဲစိတ်၍ ဝါးခြမ်းပြားတိုင်အချို့ ဝါးလုံးများ စိုက်ထူပေးရသည်။ ကွမ်းရွက်စိုက်ပျိုးခြင်းသည် သွင်းအားစုများပြီး ဂရုစိုက်မှုနည်းပါက ပိုးမွှားများကျရောက်၍ ကွမ်းရွက်အထွက်နှုန်းကျဆင်းကာ ကွမ်းခြံပျက်စီးသည်အထိ ဆုံးရှုံးနိုင်သည့်အတွက် ပိုးသတ်ဆေး၊ မှိုသတ်ဆေး၊ သဘာဝမြေသြဇာနှင့် သုံးမျိုးစပ်ကွန်ပေါင်းမြေသြဇာများကို အချိုးကျအသုံးပြုရသည်။

သဲကုန်းမြို့နယ်တွင် ကွမ်းရွက်ဈေးကောင်း၍ ကွမ်းရွက်တစ်ပိဿာလျှင် ငွေကျပ် ၁၀၀၀၀ မှ ၁၆၀၀၀ ကျပ် ရောင်းချရပြီး မိသားစုအပိုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း ကွမ်းရွက်စိုက်ပျိုးရောင်းချသူ တောင်သူတစ်ဦးထံမှသိရသည်။

ကိုကျော် (ပြန်/ဆက်)