မြိတ် ဇန်နဝါရီ ၇
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုသည် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ကျွန်းစုမြို့နယ် မအိုင်ကျေးရွာအုပ်စု ပထက်ကျေးရွာရှိ အ.ထ.က (ပထက်) ကျောင်းတွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဦးဆောင်မှုဖြင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျွန်းရွှေဝါခန်းမတွင် ကျင်းပသည့် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဆုချီးမြှင့်ပွဲသို့ တက်ရောက်ခဲ့ကြသည်။
ကျွန်းစုမြို့နယ်၏ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန် မြှင့်တင်ရေးပွဲတော်ကို ကျောင်းသား /သူလူငယ်များ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ကာယ/ ဉာဏစွမ်းရည်ပြိုင်ပွဲများကို ကျင်းပပေးခဲ့ပြီး ကျောင်းသား/သူ(၁၂၀၀)ကျော် ပါဝင် နွဲပျော်ခဲ့ကြသည်။ ဆုချီးမြှင့်ပွဲတွင် အ.ထ.က (ပထက်) ကျောင်းသား/ သူများမှ “ပညာဘဏ်တိုက် စာကြည့်တိုက်သို့ သွားကြစို့”၊ “ယဉ်ကျေးမှုအမွေပုဂံမြေ” တေးသီချင်းတို့ဖြင့် သရုပ်ဖော် ဖျော်ဖြေခဲ့ကြသည်။
ထိုနောက် ဝန်ကြီးချုပ် ဦးမြတ်ကိုက ပြည်သူများ မှန်ကန်သည့် အသိဉာဏ်ဗဟုသုတများ တိုးပွားစေရန်အတွက် စာဖတ်ကြရန်၊ စာဖတ်နိုင်သည့် ပတ်ဝန်းကျင်ကောင်းများ ဖန်တီးကြရန် နိုင်ငံတော်က အစဉ်အမြဲဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အသိပညာဗဟုသုတများကို လူမှုကွန်ရက်များတွင် ဖတ်ရှုသည်ထက် စာအုပ်စာပေတို့ကို လေ့လာဖတ်ရှုမှတ်သားခြင်းသည် ပိုမိုအကျိုးရှိ ထိရောက်ကြောင်း၊ အနာဂတ်တွင် နိုင်ငံ့တာဝန်များကို ပခုံးပြောင်းတာဝန်ယူထမ်းဆောင်ကြမည့် ကျောင်းသား/ သူများ အသိပညာဗဟုသုတ ဖွံ့ဖြိုးတိုးတက်လာ စေပြီး စာပေဖတ်ရှုသည့် အလေ့အထများရရှိ၍ အသိဉာဏ်ပညာများကို အရင်းအနှီးပြုကာ ဘဝဖွံ့ဖြိုးတိုးတက်စေရန် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ကျင်းပဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ဒါကြောင့် တိုင်းပြည်၏ စွမ်းအား အရင်းအမြစ်ဖြစ်သည့် ကျောင်းသား/ သူများက ကျောင်းစာကြည့်တိုက်များကို အသုံးချတတ်သည့် အလေ့အကျင့်ကောင်းများရရှိစေပြီး ဘက်စုံထူးချွန်တဲ့ လူရည်ချွန်၊ လူရည်မွန်များ ဖြစ်လာအောင် ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ လူငယ်စာပေဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးကြသူများ၊ စာပေစွမ်းရည်ပြိုင်ပွဲများ ဖြစ်သည့် အထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲ၊ အထက်တန်းနှင့် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ၊ အလယ်တန်းနှင့် မူလတန်းအဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲနှင့် အလယ်တန်းအဆင့် စာဖတ်စွမ်းရည် ပြိုင်ပွဲတို့၌ ဆုရရှိခဲ့ကြသည့် ကျောင်းသား/ သူများကို ဝန်ကြီးချုပ် ဦးမြတ်ကို၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ပြည့်စုံလင်း၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုမှတ်တမ်းများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ထိုနောက် ကျောင်းစာကြည့်တိုက်အတွက် အလှူခံရရှိသော စာအုပ်များကို တာဝန်ရှိသူများမှ ပေးအပ်လှူဒါန်းခဲ့ကြရာ ကျောင်းအုပ်ဆရာမကြီးနှင့် စာကြည့်တိုက်တာဝန်ခံတို့က လက်ခံရယူခဲ့ကြပြီး ကျပန်းစကား ပြောပြိုင်ပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲတွင် ပထမဆုရရှိကြသူတို့က ပြန်လည်၍ သရုပ်ပြခဲ့ကြ၍ အ.ထ.က (ပထက်) ကျောင်းသား/ သူများက နန်းတော်ရှေ့ ဆရာတင် ရေးသားသော မြန်မာ့ရိုးရာ အားကစား ဖော်ကျူးသည့် “ပုန်းတလုပ်ကန်” သီချင်းနှင့် “လှမ်းလာခဲ့ပါ ရွှေမြိတ်ဆီသို့” တေးသီချင်းတို့ဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။
ကျောင်းသား/ သူ လူငယ်မောင်မယ်များသည် အနာဂတ်နိုင်ငံတော်၏ တာဝန်ကို ထမ်းဆောင်ကြမည့် မျိုးဆက်သစ်နိုင်ငံ့သားကောင်းများဖြစ်ကြ၍ အရည်အချင်းရှိပြီး အသိပညာ၊ အတတ်ပညာပြည့်ဝကာ အနာဂတ်နိုင်ငံ့တာဝန်ကို ထမ်းဆောင်ကြမည့် လူငယ်မောင်မယ်များ ဖြစ်ကြသဖြင့် အသိပညာဗဟုသုတ ကြွယ်ဝစေရန် စာပေနှင့်ရင်းနှီးပြီး ဖတ်ရှုလေ့လာနိုင်စေရန် အတွက် တနင်္သာရီတိုင်းဒေသကြီးအတွင်း၌ အခြေခံပညာကျောင်း (၁၇) ကျောင်းတွင် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုပွဲတော်ကို ကျင်းပပေးနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။
ခိုင်ထူး(ပြန်/ဆက်)