ဂန့်ဂေါမြို့ ဇမ္ဗူ့ထိပ်ခေါင် ရန်မျိုးအောင် ဆုတောင်းပြည့် မြတ်စွာဘုရားတွင် ဗုဒ္ဓဒေသနာများ ရွတ်ဖတ်ပူဇော်ပွဲ ကျင်းပ

ဂန့်ဂေါ ဇန်နဝါရီ ၇

ဂန့်ဂေါမြို့၊ စည်ပင်သာယာရပ်ကွက်ရှိ ဇမ္ဈူ့ထိပ်ခေါင်ရန်မျိုးအောင်မြတ်စွာဘုရားတွင် ယမန်နေ့က ဆွမ်းတော်ကြီးဆက်ကပ်လှူဒါန်းခြင်း၊ ဗုဒ္ဓဒေသနာတော်များ ရွတ်ဖတ်ပူဇော်ခြင်းနှင့် ဆီမီးတစ်ထောင်၊ ပန်းတစ်ထောင် လှူဒါန်းပူဇော်ဆက်ကပ်ခြင်းတို့ ကျင်းပပြုလုပ်ခဲ့ကြသည်။

အဆိုပါ အစီအစဉ်များပြုလုပ်ပူဇော်ခြင်းနှင့်စပ်လျဉ်း၍ “ဘုရားကြီးကို အပြီးသတ်တည်ထားကိုးကွယ်နိုင်ခဲ့တာ ပြာသိုလဖြစ်လို့ အထိမ်းအမှတ်အဖြစ် နှစ်စဉ်ပြုလုပ်လာတာဖြစ်ပါတယ်၊ မှတ်တမ်းများအရ ကိုဗစ်- ၁၉ ကာလ တစ်နှစ်မှအပ နှစ်စဉ်ဆောင်ရွက်နေပါတယ်၊ အချို့နှစ်တွေမှာ မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ခြင်း၊ သံဃာ့ဒါနဆွမ်းလောင်းလှူခြင်း စသည်တို့ ထည့်သွင်းကျင်းပနိုင်တဲ့ နှစ်များလည်းရှိပါတယ်” ဟု ဂေါပကအဖွဲ့ဝင်တစ်ဦးက ပြောကြားခဲ့သည်။  

ဆင်းထုတော်တွင် ဓာတ်တော်လေးဆူနှင့်တကွ အခြံအရံများပါ ဌာပနာ၍ တည်ထားကိုးကွယ်ထားခြင်းဖြစ်ရာ ဓာတ်တော်များကို စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ် ဘင်သင်တောရွာမှ ဂန့်ဂေါမြို့သို့ ပင့်ဆောင်လျက် တည်ထားကိုးကွယ်ခြင်းဖြစ်သည်။ ကောဇာသက္ကရာဇ် ၄၅၂ ခုနှစ် ပုဂံမင်းဆက်တွင် သာသနာပြုမင်းတစ်ပါးဖြစ်သည့် အလောင်းစည်သူ(မဏိစည်သူ)မင်းကြီးသည် ဖောင်တော်ဦးစေတီဘွဲ့အမည်သညာဖြင့် စေတီတစ်ဆူတည်ထားကာ ဓာတ်တော်များကို ဌာပနာ၍ သာသနာပြုတော်မူခဲ့ရာ ကောဇာသက္ကရာဇ် ၁၂၉၉ ခုတွင် ချင်းတွင်းမြစ်ရေတိုက်စားခြင်းကြောင့် စေတီပြိုလုဆဲဆဲတွင် ဌာပနာသိုက်ကိုတူးဖော်ပြီးလျှင် ဓာတ်တော်ကြုတ်နှင့်တကွ ဌာပနာအားလုံးကို ပင့်ဆောင်လျက် ဘုန်းတော်ကြီးကျောင်းတွင် လုံခြုံစွာထိန်းသိမ်းစောင့်ရှောက်ထားရာ လေးဆူကို ဂန့်ဂေါမြို့သို့ ပင့်ဆောင်ပြီး ဆင်းတုတော်တွင် ဌာပနာ၍ တည်ထားကိုးကွယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တောင်သားမောင်သန်း