ဂန့်ဂေါ ဇန်နဝါရီ ၇
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ကြီးကြပ်မှုဖြင့် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျောတိုက်ရပ်ကွက်ရှိ ဘုန်းတော်ကြီးကျောင်း (၂) ကျောင်းမှ သံဃာတော်အရှင်သူမြတ်များနှင့် အသက် (၈၅) နှစ်အထက် အဘိုးအဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ယနေ့နံနက် (၉) နာရီမှစတင်၍ ကွင်းဆင်းကုသဆောင်ရွက်ပေးခဲ့ကြသည်။
အဆိုပါ ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ခရိုင်သာသနာရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဇော်မင်းဟိန်း၊ ကျောတိုက်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဇော်မိုးလှိုင်နှင့် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးမှူး ဦးစန်းဝင်း ဦးဆောင်သည့် ကျန်းမာရေးဝန်ထမ်းများပူးပေါင်း၍ ကျောတိုက်ရပ်ကွက်ရှိ မင်းပန်းမြို့ဦးကျောင်းတိုက်ရှိ ဆရာတော်သံဃာတော်အရှင်သူမြတ် (၅) ပါး၊ ခေမာသီဝံပရိရတ္တိစာသင်တိုက်ရှိ ဆရာတော်သံဃာတော်အရှင်သူမြတ် (၄၄) ပါးနှင့် ကျောတိုက်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် အသက် (၈၅) နှစ်အထက် သက်ကြီးအဘိုး အဘွား (၁၀) ဦးတို့အား သွေးပေါင်ချိန်တိုင်းခြင်း၊ သွေးတိုး/ ဆီးချိုရောဂါ စစ်ဆေးခြင်းများ ဆောင်ရွက်ပေးကာ သွေးတိုး/ ဆီးချိုကျဆေး၊ နှာစေးချောင်းဆိုးပျောက်ဆေးနှင့် အားဆေးများကို အခမဲ့ဖြန့်ဝေပေး၍ လိုအပ် သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြသည်။
ထို့အတူ ဂန့်ဂေါမြို့၊ မြို့မရပ်ကွက်ရှိ ဘုန်းတော်ကြီးကျောင်းများမှ သံဃာတော်အရှင်သူမြတ်များနှင့် အသက် (၈၅) နှစ်အထက် သက်ကြီးဘိုးဘွားများအား ကျန်းမာရေးဆိုင်ရာရောဂါများ စစ်ဆေးပေးခြင်းနှင့် ကွင်းဆင်းကုသပေးခြင်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မောင်မျိုးမင်း(ပြန်/ဆက်)