ပဲခူးတိုင်းဒေသကြီးကုသရေးဦးစီးဌာနမှ ပြည်သူဆက်ဆံရေးကဏ္ဍတိုးတက်ကောင်းမွန်စေရေးအတွက် ဆောင်ရွက်ရမည့်လုပ်ငန်းများ သင်ခန်းစာအပါအဝင် သစ်လွင်သူနာပြုများ လုပ်ငန်းခွင်အကြို သင်တန်းဖွင့်လှစ်

ပဲခူး ဇန်နဝါရီ ၇

ပဲခူးမြို့၊ သားဖွားသင်တန်းကျောင်း၊ သင်တန်းခန်းမ၌ ယနေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးကုသရေးဦးစီးဌာနမှ ပြည်သူဆက်ဆံရေးကဏ္ဍတိုးတက်ကောင်းမွန်စေရေးအတွက် ဆောင်ရွက်ရမည့်လုပ်ငန်းများ သင်ခန်းစာအပါအဝင် သစ်လွင်သူနာပြုများ လုပ်ငန်းခွင်အကြိုသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်မင်းထွန်းက တစ်မျိုးသားလုံးသက်ရှည်ကျန်းမာကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံးအကျုံးဝင်မည့် ကျန်းမာရေးကဏ္ဍ မြှင့်တင်ဆောင်ရွက်ရေးကို အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ အရည်အချင်းပြည့်ဝသော သူနာပြု-သားဖွားဆရာမများကို ပြုစုပျိုးထောင်ပေးရေးသည် အရေးကြီးသည့် အခန်းကဏ္ဍအဖြစ်ပါဝင်လျက်ရှိကြောင်း၊ ပြည်သူတစ်ရပ်လုံး အခြေခံကျန်းမာရေးလိုအပ်ချက်များပြည့်မိစေရန် ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနက အားသွန်ခွန်စိုက်ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ သူနာပြု-သားဖွားဆရာမများအပါအဝင် ကျန်းမာရေးဝန်ထမ်းအားလုံးသည် ဆေးရုံကြီးများတွင်သာမက ကျေးလက်ဒေသအောက်ခြေအထိ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ ကျန်းမာရေးအသိပညာများ ဖြန့်ဝေပေးခြင်းလုပ်ငန်းများကို တာဝန်ယူ​ဆောင်ရွက်နေကြရသူများဖြစ်ကြောင်း၊ မိမိတို့တာဝန်ကျသည့်နေရာဒေသမှာလည်း ပြည်သူများအပေါ် စေတနာအရင်းခံထားပြီး မိမိ၏သွေးသားရင်းများသဖွယ် ကိုယ်ချင်းစာစိတ်အပြည့်အဝနှင့် နွေးထွေးစွာပြုစုစောင့်ရှောက်ပေးကြဖို့မှာကြားလိုကြောင်း၊ သူနာပြုများ၏ အဓိကတာဝန်သည် ကျန်းမာရေးပြုစုစောင့်ရှောက်မှုပေးခြင်းဖြစ်သည့်အတွက် မည်သည့်အခြေအနေမျိုးမှာမဆို လူနာများကို ပစ်ပယ်ထားခြင်းမပြုဘဲ ပြုစုစောင့်ရှောက်ကြဖို့လိုကြောင်း ပြောကြားခဲ့သည်။

အဆိုပါ သစ်လွင်သူနာပြုများလုပ်ငန်းခွင်အကြို သင်တန်းအား ဇန်နဝါရီလ(၇)ရက်နေ့မှ (၁၁)ရက်နေ့အထိ (၅)ရက်ဖွင့်လှစ်သင်ကြားမည်ဖြစ်ပြီး သင်တန်းသား/သူ(၇၈)ဦးတက်ရောက်ကာ မကြာမီဆေးရုံအသီးသီးသို့ လုပ်ငန်းခွင် ဝင်ရောက်ကြတော့မည့် သစ်လွင်သူနာပြုများအတွက် လုပ်ငန်းခွင်မဝင်မီ ပြည်သူဆက်ဆံရေးကဏ္ဍ တိုးတက်ကောင်းမွန်စေရေးအတွက် ဆောင်ရွက်ရမည့်လုပ်ငန်းများအပါအဝင် သိသင့်သိထိုက်သောအချက်များ၊ လုပ်ငန်းခွင်ဝင်ရောက်ရာတွင် လိုက်နာရမည့်အချက်များကို ဆွေးနွေးသင်ကြားပေးမည်ဖြစ်သည့်အပြင် ကြုံတွေ့လာနိုင်သည့်အခက်အခဲများကိုလည်း ဖြေရှင်းနိုင်အောင် ဆွေးနွေးပြောကြားပေးခြင်းများ ဆောင်ရွက်သွားမှာဖြစ်ကြောင်း သတင်းရရှိသည်။

သက်ဖြိုးကြိုင်(ပြန်/ဆက်)