သရက်ချောင်းမြို့နယ်၌ အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

သရက်ချောင်း ဇန်နဝါရီ ၇

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်‌ချောင်းမြို့နယ်၊ လူမူဝန်ထမ်းဦးစီးဌာနမှ ကျင်းပပြုလုပ်သော အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယမန်‌နေ့က သရက်ချောင်းမြို့နယ်၊ လူမူဝန်ထမ်းမူလတန်းကြိုကျောင်း အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားသို့ သရက်ချောင်းမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌဗိုလ်မှူး ဟန်ဇော်ထွန်းနှင့် အဖွဲ့ဝင်များ၊ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကော်မတီဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအဖွဲ့အဖွဲ့ဝင်များ၊ လုပ်ငန်းရှင်များ၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးအေးနှင့် ဝန်ထမ်းများ၊ မိဘများတက်ရောက်ကာ အခမ်းအနား ဖွင့်လှစ်ခဲ့သည်။

ရှေးဦးစွာ အခမ်းအနားတွင် သရက်ချောင်းမြို့နယ်၊ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်က အဖွင့်အမှာစကားပြောကြားပြီးနောက် မြို့နယ်ဥပဒေအရာရှိ ဦးအောင်မြင့်မြတ်ဦးမှ ကလေးအလုပ်သမားများနှင့် သက်ဆိုင်သော ပြစ်မှုနှင့် ပြစ်ဒဏ်များအကြောင်းအား ရှင်းလင်း ဆွေးနွေးပေးခဲ့သည်။

ဆက်လက်၍ သရက်ချောင်းမြို့နယ်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးအေးက အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးရာ ကလေးအလုပ်သမားအကြောင်း၊  ကလေးသူငယ်များ အလုပ်လုပ်ကိုင်နိုင်သည့် အသက်အရွယ်၊ ကလေးသူငယ်များအား အဆိုးရွားဆုံးပုံစံဖြင့် အလုပ်ခိုင်းစေခြင်း၊ မြန်မာနိုင်ငံကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ၊ လုပ်ငန်းကော်မတီ(၈)ရပ်၊ အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းကော်မတီအဖွဲ့ ဖွဲ့စည်းထားပုံ၊ လုပ်ငန်း စဉ်များနှင့် လုပ်ငန်းဆပ်ကော်မတီအကြောင်း၊ ကလေးသူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်ရေးနှင့် ကလေးသူငယ်များ၏ အကောင်းဆုံးအကျိုးစီးပွားကို ရှေးရှု၍ ကလေးသူငယ်များကို အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းမပြုလုပ်ကြရန် မိဘ၊ အုပ်ထိန်းသူ၊ ပြည်သူလူထု၊ ဆိုင်ရှင်၊ အလုပ်ရှင်၊ စက်ရုံ၊ အလုပ်ရုံပိုင်ရှင်များ၊ ဆက်စပ်ဌာနဆိုင်ရာများ၊ အစိုးရမဟုတ်သော လူမှုရေးအဖွဲ့အစည်းများ ဝိုင်းဝန်းပူပေါင်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း  ရှင်းလင်းဆွေး နွေးခဲ့သည်။

ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသူများမှ အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးဆိုင်ရာ အကြောင်းအရာများကို ဖြည့်စွက်ရှင်းလင်းအကြံပြုဆွေးနွေးရာ တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပြည့်ဖြိုးပိုင်(ပြန်/ဆက်)