လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ပညာရေးစုံညီပွဲတော် အားကစားပြိုင်ပွဲများ စတင်ကျင်းပ

လိပ်သို ဇန်နဝါရီ ၇

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် အားကစားပြိုင်ပွဲများကို ယမန်နေ့နံနက် ၉ နာရီမှ စတင်၍ အဆိုပါကျောင်းရှိ ဘောလုံးကွင်း၌ ပြုလုပ်ကျင်းပလျက်ရှိကြောင်း သိရသည်။

မူလတန်းအဆင့် ပြိုင်ပွဲများတွင် KG တန်းအတွက် ဖားခုန်ပြိုင်ပွဲ၊ Grade-1 အတွက် အာလူးကောက်ပြိုင်ပွဲ၊ Grade-2 အတွက် ဂုံနီအိတ်စွပ် အပြေးပြိုင်ပွဲ၊ Grade-3 အတွက် ခြေတပေါင်ကျိုးအပြေးပြိုင်ပွဲ၊ Grade-4 အတွက် မီတာ (၅၀) အပြေးပြိုင်ပွဲနှင့် Grade-5 အတွက် မီတာ (၁၀၀) အပြေးပြိုင်ပွဲများကို ပြုလုပ်ပေးခဲ့သည်။

အလယ်တန်းနှင့် အထက်တန်းအဆင့်ပြိုင်ပွဲများတွင် အမျိုးသားများအတွက် ဘော်လီဘော၊ ပိုက်ကျော်ခြင်းနှင့် လွန်ဆွဲပြိုင်ပွဲ၊ အမျိုးသမီးများအတွက် ဘော်လီဘော၊ ထုပ်ဆီးထိုးနှင့် လွန်ဆွဲပြိုင်ပွဲများ ပါဝင်မည်ဖြစ်ပြီး ကျောင်းကောင်စီအသင်း (၅) သင်းဖြင့် ယှဉ်ပြိုင်စေမည် ဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲများကို တာဝန်ရှိသူကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းကောင်စီအဖွဲ့ဝင်များက ပူးပေါင်းကြီးကြပ်ကျင်းပပေးလျက်ရှိပြီး အနိုင်ရရှိသူ ကျောင်းသား/ ကျောင်းသူများကို ပညာရေးစုံညီပွဲတော် အခမ်းအနားတွင် ဆုများချီးမြှင့်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ခင်လေးနွယ်