ပွင့်ဖြူ ဇန်နဝါရီ ၇
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့က ပွင့်လင်းရာသီချိန်ရောက်ရှိလာပြီဖြစ်သဖြင့် မြို့မစည်ပင်သာယာဈေးကြီးအား မီးဘေးလုံခြုံရေးနှင့် ဈေးလုံခြုံရေးအတွက် ယမန်နေ့ ညနေပိုင်းက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့်၏ ကြီးကြပ်မှုဖြင့် ဈေးတာဝန်ခံနှင့် ဝန်ထမ်းများက ဈေးကော်မတီအဖွဲ့ဝင်များနှင့်အတူ ပွင့်ဖြူမြို့မဈေးကြီး အတွင်းအပြင်ရှိ ဈေးဆိုင်ခန်းများအလိုက် မီးဘေးလုံခြုံ စိတ်ချရမှု ရှိ/မရှိ၊ ဈေးလုံခြုံမှု ရှိ/မရှိနှင့် တပ်ဆင်ထားရှိသော လျှပ်စစ်မီးကြိုးများ ကြံ့ခိုင်ကောင်းမွန်မှု ရှိ/မရှိ၊ မီးငြှိမ်းသတ်ပစ္စည်း အသင့်အနေအထားအသုံးပြု၍ ရ/မရ အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ဈေးသူဈေးသားများအား ပွင့်လင်းရာသီကာလ မီးဘေးသတိမူစေရန်နှင့် ဈေးအတွင်း မီးလောင်စေနိုင်သော လောင်စာများ ထားသိုခြင်းမပြုကြရန် အသိပညာပေး ဆွေးနွေးပြောကြားခဲ့သည်။
ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့က နှစ်စဉ် ပွင့်လင်းရာသီချိန်ရောက်တိုင်း စည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိ မြို့မဈေးကြီးအပါအဝင် ကျေးလက်စည်ပင်သာယာဈေး (၄)ခုအား မီးဘေးအန္တရာယ်ကင်းဝေးစေရန်နှင့် ဈေးသူဈေးသားများ စိတ်အေးချမ်းစွာ ဈေးရောင်းဈေးဝယ်ပြုလုပ်နိုင်ရန်အတွက် ဈေးတာဝန်ခံများနှင့် ဈေးကော်မတီအဖွဲ့များပူးပေါင်းအဖွဲ့ဖြင့် နေ့/ည မပျက် ဈေးမီးဘေးလုံခြုံရေးနှင့် ဈေးလုံခြုံရေးလုပ်ငန်းများ ကြပ်မတ်စစ်ဆေးခြင်း၊ မီးဘေးကြိုတင်ကာကွယ်နိုင်ရန် လျှပ်စစ်မီးများ စနစ်တကျ ကိုင်တွယ်အသုံးပြုရန် အသိပညာပေးဆွေးနွေးဟောပြောခြင်း၊ မီးသတ်ဦးစီးဌာနနှင့် ပူးပေါင်း၍ လက်တွေ့မီးငြှိမ်းသတ်နည်းသရုပ်ပြသခြင်း၊ သန့်ရှင်းသပ်ရပ်စွာဖြင့် ဈေးရောင်းဈေးဝယ်ပြုလုပ်နိုင်ရန်၊ ဈေးသန့်ရှင်းရေးလုပ်ငန်းများ ပြုလုပ်ဆောင်ရွက်ခြင်းတို့ကို ကြိုးပမ်းလုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)