ပွင့်ဖြူ ဇန်နဝါရီ ၇
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့က ပလတ်စတစ်ပစ္စည်းများ အလွန်အကျွံသုံးစွဲခြင်းကြောင့် ကြုံတွေ့ရမည့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုအန္တရာယ် လျော့နည်းစေရေးအတွက် ဈေးရောင်းဈေးဝယ် ပြည်သူများ သိရှိစေရန် ပလတ်စတစ်သုံးစွဲမှု လျှော့ချရေး အသိပညာပေးခြင်းကိုယမန်နေ့က ပွင့်ဖြူမြို့မစည်ပင်သာယာဈေး၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများက မြို့နယ်စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင်များ၊ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများ၊ ဈေးကော်မတီဝင်များနှင့်ပူးပေါင်းပြီး ပွင့်ဖြူမြို့မစည်ပင်သာယာဈေး အတွင်း/အပြင်ရှိ ဈေးရောင်းဈေးဝယ် ပြည်သူများကို တွေ့ဆုံကာ ဈေးရောင်းချရာတွင် သဘာဝပတ်ဝန်းကျင်ကို ဆိုးကျိုးဖြစ်စေသည့် ပလတ်စတစ်ပစ္စည်းများကို သုံးစွဲခြင်းမပြုရန်နှင့် ပလတ်စတစ်အစားထိုးပစ္စည်းများဖြစ်သည့် ငှက်ပျောဖက်၊ အင်ဖက်၊ စက္ကူတို့ဖြင့်သာ ထုပ်ပိုးရောင်းချသွားကြရန်၊ ဈေးရောင်းဈေးဝယ်ရာတွင် လက်ဆွဲခြင်းများ တစ်ပါတည်း ယူဆောင်လာကြရန် အသိပညာပေး ရှင်းလင်းဆွေးနွေး ပြောကြားခဲ့သည်။
ထို့နောက် ဌာနဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်းအဖွဲ့က ပွင့်ဖြူမြို့မဈေးရှိ ဈေးရောင်းဈေးဝယ်ပြည်သူများကို သဘာဝပတ်ဝန်းကျင် ကာကွယ်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးကာ ပလတ်စတစ်ပစ္စည်းသုံးစွဲမှု လျှော့ချနိုင်ရေးအတွက် ပလတ်စတစ်ပစ္စည်းအစားထိုး အသုံးပြုနိုင်ရန် ငှက်ပျောဖက်၊ အင်ဖက်၊ ကြာဖက်၊ စက္ကူတို့ကို အခမဲ့ဖြန့်ဝေပေးခဲ့ကြပြီး ဈေးအတွင်းရှိ အများသုံးသန့်စင်ခန်းများ သန့်ရှင်းသပ်ရပ်မှု ရှိ/မရှိ အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)