သဲကုန်း ဇန်နဝါရီ ၇
ဒေသတွင်းစားသုံးဆီဖူလုံစေရန်နှင့် ဆီထွက်သီးနှံ စိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်အတွင်းရှိဒေသခံတောင်သူများအနေဖြင့် မိရိုးဖလာလုပ်ငန်းဖြစ်သောစိုက်ပျိုးရေးလုပ်ငန်းကိုသာအဓိကထား လုပ်ကိုင်လျက်ရှိရာ ယခုနှစ်ဆောင်းရာသီ ဆီထွက်သီးနှံအဖြစ် မြေပဲ၊ နှမ်းနှင့် နေကြာသီးနှံများကို အဓိကထားစိုက်ပျိုးလျက်ရှိကြသည်။
သဲကုန်းမြို့နယ်တွင် ဆီထွက်သီးနှံဖြစ်သည့် ဆောင်းမြေပဲများ စိုက်ပျိုးထုတ်လုပ်ရန် လျာထားဧကမှာ (၄၆၆၆)ဧကရှိပြီး နိုဝင်ဘာလတွင် စတင်စိုက်ပျိုးကြ၍ ဖေဖော်ဝါရီလအကုန် မတ်လအတွင်း တူးဖော်ရိတ်သိမ်းကြပြီး စိုက်ပျိုးရာတွင် စိုက်ကျင်းဖော်၍စိုက်ပျိုးခြင်း၊ ပင်ထောင်မျိုးများကို တန်းဆွဲ၍စနစ်တကျ စိုက်ပျိုးခြင်းစိုက်ပျိုးကြပြီး ထွန်ရေး/ ထယ်ရေးကောင်းမွန်ခြင်း၊ ရာသီဥတုမှန်ပါက အမြတ်များစွာရှိကြောင်း၊ စိုက်ပျိုးသည့် မြေယာ၊ ရာသီဥတုနှင့် အပင်ပြုစုမှုအပေါ်မူတည်၍ အထွက်နှုန်းများပြောင်းလဲမှုရှိကြောင်း၊ ပိုးမွှားများကြိုက်သည့်အပင်ဖြစ်သည့်အတွက် ပိုးသတ်ဆေးများ အထိုက်အလျောက် အသုံးပြုရကြောင်းသိရသည်။
သဲကုန်းမြို့နယ်တွင် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ မြေပဲ ၄၆၆၆ ဧက၊ နှမ်း ၂၃၃၉ ဧက၊ ဆောင်းနေကြာ ၁၁၄ ဧက၊ ပဲမျိုးစုံ ၃၆၂၆၁ ဧက ၊ ဖူးစားပြောင်း ၈၂၂၆ ဧက၊ ချက်ကြံ ၄၀၃၂ ဧက၊ ကြက်သွန်နီ ၄၂၁ဧက၊ ငရုတ်စို ၂၀၇ဧက၊ ဟင်းသီးဟင်းရွက် ၁၁၂၉၀ ဧက၊ ပန်းအမျိုးမျိုး ၂၇၁ဧက စုစုပေါင်း ၆၇၈၅၇ ဧက လျာထားလျက်ရှိပြီး ဒေသခံတောင်သူများအား ဝင်ငွေများတိုးပွားလာစေရန်နှင့် ဒေသတွင်း စားသုံးဆီဖူလုံမှုရှိစေရန်အတွက် စိုက်ပျိုးနည်းစနစ်များ အသိပညာပေးခြင်း၊ သွင်းအားစုများ ထောက်ပံ့ပေးခြင်း၊ လယ်ယာကဏ္ဍသီးနှံစိုက်ပျိုးထုတ်လုပ်မှု မြင့်မားတိုးတက်ရေး၊ တောင်သူတစ်ဦးချင်းစီ၏ ဝင်ငွေနှင့် ဒေသဝမ်းစာဖူလုံမှုကို ပိုမိုတိုးတက်စေရန် ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ကိုကျော် (ပြန်/ဆက်)