ပခုက္ကူမြို့၌ မြန်မာ့ရိုးရာအမွေအနှစ်တစ်ခုဖြစ်သည့် သနပ်ခါးများ အရောင်းအဝယ်ဖြစ်ထွန်း

ပခုက္ကူ ဇန်နဝါရီ ၇

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌ မြန်မာ့ရိုးရာအမွေအနှစ်တစ်ခုဖြစ်သည့် သနပ်ခါးများ အရောင်းအဝယ်ဖြစ်ထွန်းပြီး လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း သိရသည်။

“ကျွန်မတို့က အရင်ကတည်းက ပခုက္ကူ၊ ရေစကြို၊ မြိုင်၊ ရှင်မတောင်၊ ပေါက်နှင့် အရာတော်ဒေသတို့တွင် စိုက်ပျိုးထွက်ရှိသည့် သနပ်ခါးများကို အပင်လိုက် လက်ခံဝယ်ယူပြီး ပြန်လည်ရောင်းချနေတာပါ၊ ရောင်းတဲ့အခါမှာလည်း သနပ်ခါးတုံးကို အနုအရင့်ပေါ်မူတည်ပြီး အတုံးကြီးကို ငွေကျပ် ၅၀၀၀ မှ ၆၀၀၀၊ အလတ်ကို ငွေကျပ် ၃၀၀၀ မှ ၄၀၀၀၊ အသေးကို ငွေကျပ် ၁၅၀၀ မှ ၂၀၀၀ တို့ဖြင့် ရောင်းနေတာပါ၊ သနပ်ခါးရောင်းဝယ်တဲ့အခါမှာ အပင်အကြီးအသေးလိုက်ခွဲခြားသတ်မှတ်သလို၊ အနုအရင့်အလိုက်လည်းခွဲခြားသတ်မှတ်ရပါတယ်၊ အပင်လိုက် ဈေးနှုန်းအနေနဲ့ပြောရရင် အပင်ငယ်တစ်ပင်ကို ငွေကျပ် ၂၀၀၀၀ မှ ၃၀၀၀၀ နှင့် အပင်ကြီးကိုတော့ ငွေကျပ် ၄၀၀၀၀ မှ ၅၀၀၀၀အထိ ရောင်းပါတယ်၊ မြန်မာ့ရိုးရာဓလေ့ထုံးတမ်းအစဉ်အလာများအရ သနပ်ခါးဝယ်ယူသုံးစွဲမှုများပြားသည့်အတွက် လက်ရှိရောင်းဝယ်မှုအနေနဲ့ပြောရရင် တစ်ရက်ကို အနည်းဆုံး ငွေကျပ်ငါးသောင်းမှ အများဆုံးငွေကျပ်၃ သိန်းဖိုးလောက်အထိ ရောင်းချရပါတယ်”လို ပခုက္ကူမြို့၊ အမှတ်(၁) စည်ပင်သာယာဈေးကြီးအတွင်း သနပ်ခါးရောင်းချသူတစ်ဦးက ပြောကြားခဲ့သည်။

ထို့အပြင် ဈေးကြီးအတွင်း သနပ်ခါးလာရောက်ဝယ်ယူသူ အမျိုးသမီးတစ်ဦးက “မြန်မာ့ရိုးရာအမွေအနှစ်တစ်ခုဖြစ်သည့် သနပ်ခါးကို ကလေး၊ လူငယ်၊ လူကြီးအစ အထူးသဖြင့် မြန်မာအမျိုးသမီးတွေက ခုံမင်နှစ်သက်စွာ လိမ်းခြယ်အသုံးပြုလေ့ ရှိကြပါတယ်၊ မြန်မာ့သနပ်ခါးမှာထူးခြားတာက သင်းပြန့်သော ရနံ့နှင့်ပြည့်စုံတဲ့အပြင် လိမ်းခြယ်ထားသူရဲ့ အသားအရေကိုလည်း စိုပြေလှပစေခြင်း၊ ချောမွတ်စေခြင်း၊ အေးမြစေခြင်း၊ စိတ်ကြည်လင်လန်းဆန်းစေခြင်း၊ နေရောင်ခြည်ဒဏ်မှ ကာကွယ်ပေးခြင်း စတဲ့ ဂုဏ်အင်္ဂါတွေရရှိစေပါတယ်၊ အဲ့ဒါကြောင့်လည်း မြန်မာ့အမျိုးသမီးအများစုက ကောက်စိုက်ချိန်၊ ရေချိုးပြီးချိန်နှင့် ဘုရားသွား၊ ကျောင်းတက်၊ အလှူမင်္ဂလာ ပွဲလမ်းသဘင်များတွင်  ခုံမင်နှစ်သက်စွာ လိမ်းခြယ်သွားကြတာဖြစ်ပါတယ်” ဟု ပြောကြားခဲ့ကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)