နတ်မောက်မြို့နယ်အတွင်းရှိ ကျေးလက်ဒေသများတွင် ဥစားကြက်သွန်နီများ စတင်စိုက်ပျိုးလျက်ရှိ

နတ်မောက် ဇန်နဝါရီ ၇

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်အတွင်းရှိ ကျေးလက်ဒေသများတွင် ဆောင်းသီးနှံတစ်မျိုးဖြစ်သည့် ဥစားကြက်သွန်နီများ စတင်စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

ကျေးလက်ဒေသများရှိ တောင်သူများသည် ယာမြေများတွင် ဥစားကြက်သွန်နီစိုက်ပျိုးမည်ဆိုပါက မြေမပြင်မီ နွားချေး၊ ဆိတ်ချေး၊ အမှိုက်ဆွေးများချထားပြီး မြေပြုပြင်ရကြောင်း၊ ထယ်ရေးအကြိမ်ကြိမ်ပြုပြင်ပြီးပါက ရေအစိုဓာတ်ကောင်းစေရန် မြေအောက်ရေပေးသွင်း၍ ဥစားကြက်သွန်နီစိုက်ပျိုးရန်အတွက် ဘောင်များပြုလုပ်ရကြောင်း၊ ဘောင်ပြုလုပ်ပြီးပါက ပျိုးပင်တစ်ပင်နှင့် တစ်ပင် တန်းကြား ပင်ကြား ၃ လက်မကွာထား၍စိုက်ပျိုးရကြောင်း၊ စိုက်ပြီး ပထမရက်တွင် မျက်နှာသစ်ရေအဖြစ် တစ်ကြိမ်ပေးသွင်းရကြောင်း၊ ၄၅ ရက်သားရှိပါက ပေါင်းမြက်များရှင်းလင်းရကြောင်း၊ အရွက်များ ပြာမှိုင်း၍ နွမ်းခွေလာလျှင် ရေထပ်မံပေးသွင်းရကြောင်း အင်းကုန်းကျေးရွာမှ စိုက်ပျိုးသူ ကိုစိုးဦးက ပြောကြားခဲ့သည်။

နတ်မောက်မြို့နယ်တွင် ဥစားကြက်သွန်နီများကို အင်းကုန်း၊ န/လက္ခုပ္ပင်၊ ကြူအိုင်၊ ပ/ကျားထူး၊ နဘူးကွဲ၊ ရွာမွန်၊ ဘုန်းတော်ပြည့်၊ အိုးဘိုကျေးရွာများတွင် စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

မူမူစန်း