ပန်းတောင်းမြို့နယ် ဥသျှစ်ပင်စျေးတွင် မီးဘေးအန္တရာယ်တားဆီးကာကွယ်နိုင်ရေး မီးငြှိမ်းသတ်နည်း သရုပ်ပြလေ့ကျင့်

ပန်းတောင်း ဇန်နဝါရီ ၇

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်ဥသျှစ်ပင်မြို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြိုနယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်းပြုလုပ်သည့် မီးဘေးအန္တရာယ်တားဆီးကာကွယ်နိုင်ရေးမီးငြှိမ်းသတ်နည်း သရုပ်ပြလေ့ကျင့်ခြင်းကို ဥသျှစ်ပင်စျေး၌ယနေ့နံနက် (၉) နာရီခွဲအချိန်က အဆိုပါစျေးရှေ့တွင် ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ ပန်းတောင်းမြို့နယ်မီးသတ်ဦးစီးဌာန လက်ထောက်ဦးစီးမှူး ဦးဇော်မျိုးလွင်က မီးသတ်ဆေးဗူး အမျိုးအစားများဖြစ်သော Class A၊ Class B၊ Class C၊ Class D၊ Class E၊ Class F တို့ဖြင့်သစ်သား၊ စက္ကူ၊ အထည်အလိပ်များ/ မီးလောင်လွယ်သောအရည်များ/ မီးလောင်လွယ်သောဓာတ်ငွေ့များ/ သတ္တုများ/ လျှပ်စစ်/ အဆီကြော်များ လောင်ကြွမ်းမှုအတွက် သင့်လျော်သောအမျိုးအစားနှင့်သာ မီးငြိမ်းသတ်ရာတွင် ထိရောက်စွာ ငြိမ်းသတ်နိုင်မည်ဖြစ်ကြောင်းနှင့် အသုံးပြုပုံအဆင့်ဆင့်ကို ရှင်းလင်းပြောကြားခဲ့ပြီး မီးသတ်ဆေးဗူးကို အသုံးပြု၍ မီးငြှိမ်းသတ်နည်း၊ ဆီမီးလောင်မှုကို ဖုံးအုပ်ငြှိမ်းသတ်နည်း၊ ဂက်စ်မီးလောင်မှုကို ငြှိမ်းသတ်နည်းများကို ပြည်သူများအား လက်တွေ့လေ့ကျင့် သရုပ်ပြခြင်းများဆောင်ရွက်ခဲ့ပြီး စျေးရုံကြီး မီးဘေးလုံခြုံရေးအတွက် ရေစိုဇာတ်တိုက် လေ့ကျင့်ခြင်းတို့ကို ပြုလုပ်ဆောင်ရွက်သရုပ်ပြခဲ့ကြသည်။

အဆိုပါ မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးငြှိမ်းသတ်သည့် ရေယာဥ် (၆) စီးဖြင့် မြို့မစျေးကြီး မီးဘေးအန္တရာယ်ကာကွယ်ရေး သရုပ်ပြလေ့ကျင့်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရ၊ ခေတ္တမြို့နယ်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူး ကျော်သီဟ၊ မြို့နယ်စီပင်သာယာရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးကြိုင်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးရန်လင်းအောင်နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝင်များ၊ ဥသျှစ်ပင်မြို့စခန်းမှူးရဲအုပ် ဝင်းဆန်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဥသျှစ်ပင်မြို့ စျေးကော်မတီဝင်များနှင့် စျေးသူ၊ စျေးသားများက ကြည့်ရှုအားပေးခဲ့ကြသည်။

လပြည့်လင်း(ပြန်/ဆက်)