လက်ပံတန်းမြို့ လူထုအခြေပြုဗဟိုဌာန၌ စာစီစာကုံးရေးသားနည်းသင်တန်းဖွင့်လှစ်

လက်ပံတန်း ဇန်နဝါရီ ၇

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ကျောင်းသားလူငယ်များ စာဖတ်စွမ်းရည်မြင့်မားပြီး ဖတ်မှတ်လေ့လာ၍ စာစီစာကုံးရေးသားမှု ကျွမ်းကျင်ပိုင်နိုင်စေရန်အတွက် စာစီစာကုံးရေးသားနည်းသင်တန်းကို ယနေ့နံနက် (၉) နာရီ၌ လူထုအခြေပြုဗဟိုခန်းမတွင် စတင်ဖွင့်လှစ်ကြောင်း သိရသည်။

ရှေးဦးစွာ စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း (Book Club) ဥက္ကဋ္ဌ ဦးမြင့်သိန်း စာရေးဆရာ မြင့်သိန်း (ရွှေတောင်- ချည်/ထည်/ချော) က အဖွင့်အမှာစကားပြောကြားရာတွင် စာစီစာကုံး ရေးသားရာတွင် ကျွမ်းကျင်ပိုင်နိုင်စွာရေးသားနိုင်ရေးအတွက် စာပေဗဟုသုတနှင့် ပြည့်စုံရန်လိုအပ်ကြောင်း၊ စာအုပ်စာပေများကို လေ့လာဖတ်ရှုရုံသာမက မှတ်သားထားရန် လိုအပ်ကြောင်း၊ စာပေဝမ်းစာပြည့်ဝနေမှသာ စီကာပတ်ကုံးပြန်လည်ရေးသားနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် အားလပ်ချိန်များကို စာပေဖတ်ရှုခြင်းဖြင့် ဗဟုသုတအချက်အလက်များ ရရှိ‌နိုင်ကြောင်းတို့ကို ပြောကြားခဲ့သည်။ ထို့နောက် လက်ပံတန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးမင်းထွန်းက ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရန်ရည်ရွယ်၍ သင်တန်းများဆွေးနွေးပွဲများကို ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်းနှင့် နိုင်ငံ၏အနာဂတ်လူငယ်များကို ဗလငါးတန် ပြည့်ဝစေရန်အတွက် ယခုကဲ့သို့ သင်တန်းများ ဆွေးနွေးပွဲများ ဟောပြောပွဲများကို လစဉ်ဆောင်ရွက်ပေးနိုင်ရန် ကြိုးပမ်းလျက်ရှိကြောင်း ပြောကြားခဲ့သည်။

အဆိုပါသင်တန်းကို (Book Club) ဥက္ကဋ္ဌ ဦးမြင့်သိန်း စာရေးဆရာမြင့်သိန်း (ရွှေတောင်- ချည်/ထည်/ချော) က သင်တန်းနည်းပြအဖြစ်ဆောင်ရွက်၍ အ.ထ.က ကျောင်းများမှ အထက်တန်းအဆင့်ကျောင်းသားကျောင်းသူ (၂၁) ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ (၃) ရက်ဖြစ်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)