ရွှေတောင်မြို့နယ်၌ နယ်လှည့်စာကြည့်တိုက်လုပ်ငန်းဆောင်ရွက်

ရွှေတောင် ဇန်နဝါရီ ၇

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မိတ်ဖက်ဌာနများနှင့်အခြေခံပညာဦးစီးဌာနတို့ပူး‌ပေါင်း၍ ကျောင်းသား၊ ကျောင်းသူလေးများ အားလပ်သည့်အချိန်တွင် စာအုပ်စာစောင်များလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများနှင့် အသိပညာဗဟုသုတများ ရရှိစေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ရွေ့လျားစာကြည့်တိုက်သုံးဘီးယာဉ်ဖြင့် နယ်လှည့်စာကြည့်တိုက်စာငှား၊ စာဖတ်ဝန်ဆောင်မှုပေးခြင်း၊ အသိပညာပေးဟောပြောခြင်းနှင့် နံရံကပ်စာစောင်ပြသခြင်းများ ဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက ဖိုးခေါင်အခြေခံပညာမူလတန်းကျောင်းနှင့် ကူကြီးအခြေခံပညာမူလတန်းကျောင်းတို့၌ ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် အခြေခံပညာမူလတန်းကျောင်း ကျောင်းအုပ်ဆရာကြီးများမှ အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးဒေါ်နွေးဒါလီနိုင်မှ ကျောင်းသား/ ကျောင်းသူများအား ဗလငါးတန်နှင့် ပြည့်စုံသော လူငယ်များဖြစ်စေရန်နှင့် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေးရည်ရွယ်၍ စာဖတ်ခြင်း၏အကျိုးကျေးဇူးများ၊ လူကုန်ကူးမှုတားဆီးရေး၊ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးနှင့် ကလေးအလုပ်သမားပပျောက်ရေးအသိပညာများအကြောင်း အကျယ်တဝင့်ရှင်းလင်းဟောပြောခဲ့ပြီး "မိအေးချက်သည့်ဟင်းတစ်ခွက်" စက္ကူပြဇာတ်ပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်တိုင်းရင်းဆေးကုသရေးဌာန၊ တိုင်းရင်းဆေးမှူးဒေါ်နီလာမြင့်က အာဟာရအုပ်စုများ၊ တိုင်းရင်းဆေးဝါးများ၏အကျိုးသက်ရောက်မှုနှင့် ဆောင်းရာသီတွင်ဖြစ်ပွားတက်သော ရောဂါများအကြောင်း၊ စားသောက်နေထိုင်မှုဆိုင်ရာအကြောင်းအရာများ ရှင်းလင်းပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်ခင်မာချောစုကြည်က စားသုံးသူနှင့်ပတ်သက်သော ကုန်စည်အမှတ်အသား(၈)ချက်နှင့် ဆောင်ရန်ရှောင်ရန် အသိပညာပေးသိကောင်းစရာအကြောင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ နည်းစနစ်မှူးဒေါ်သပြေက အားကစားပြုလုပ်ခြင်း၏ အကျိုးကျေးဇူးများနှင့် ကိုယ်လက်လှုပ်ရှား ဟောပြောခဲ့ကြသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/ ကျောင်းသူများအား ကိုယ်လက်လှုပ်ရှား အားကစားပြုလုပ်ပေးပြီးဒေါ်အေးအေးခိုင်က "တစ်ယောက်ယောက်ရှိနေလား" ပုံပြင်စာအုပ်ဖြင့် အသီးသီးပြောပြခဲ့သည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူလေးများကို လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် နံရံကပ်စာစောင်၊ မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေး နံရံကပ်စာစောင်၊ ကလေးအလုပ်သမားပပျောက်ရေးနံရံကပ်စာစောင်များပြသရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြပြီး စာအုပ်စာပေများကိုဖတ်ရှုခဲ့ကြောင်း သိရသည်။

ကိုကိုမင်း(ပြန်/ ဆက်)