သဲကုန်းမြို့နယ်တွင် ကျောင်းအခြေပြုတီဘီရောဂါရှိ/မရှိ စမ်းသပ်စစ်ဆေးရှာဖွေခြင်းများ ကွင်းဆင်းဆောင်ရွက်

သဲကုန်း ဇန်နဝါရီ ၇

ကျောင်းသား/ ​​ကျောင်းသူများ တီဘီရောဂါကူးစက်ပြန့်ပွားမှုမရှိစေရန်နှင့် တီဘီရောဂါပိုးစောစီးစွာရှာဖွေဖော်ထုတ်ကုသနိုင်ရန်ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး၊ ​နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ကျောင်းအခြေပြုတီဘီရောဂါ ရှိ/ မရှိ စမ်းသပ်ရှာဖွေစစ်ဆေးခြင်းကို ယနေ့နံနက် ၉ နာရီက အခြေခံပညာမူလတန်းကျောင်း(တည်သီးပြင်)နှင့် အခြေခံပညာမူလတန်းကျောင်း(ညောင်ကုန်း)တို့၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

အဆိုပါ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာ​ရေးဦးစီးဌာန၊သူနာပြုဆရာမကြီးဒေါ်အေးစန်းနှင့် အမျိုးသမီးကျန်းမာရေးဆရာမဒေါ်အေးသန္တာတို့ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဝင်များနှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များ ကျောင်းသား၊ ကျောင်းသူ(၂၆၉)ဦးအား တီဘီရောဂါလက္ခဏာများနှင့် တီဘီရောဂါဖြစ်ပွားစေတတ်သော အကြောင်းအရာများ၊ တီဘီရောဂါမဖြစ်ပွားစေရန်ကာကွယ်နိုင်သောနည်းလမ်းများ၊ တီဘီရောဂါဖြစ်ပွားပါက ကုသနိုင်သောနည်းလမ်းများ၊ တီဘီရောဂါပိုးရှိ/မရှိစစ်ဆေးခြင်းများပြုလုပ်၍ လိုအပ်သည့်ဆေးကုသမှုများကို ဆောင်ရွက်ပေးခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ခြင်းကို သဲကုန်းမြို့နယ်အတွင်းရှိ အထက်တန်းကျောင်း၊ အလယ်တန်းကျောင်း၊ မူလတန်းကျောင်း၊ ဘုန်းတော်ကြီးသင်ကျောင်းနှင့် ကိုယ်ပိုင်အထက်တန်းကျောင်း(၁၉၇)ကျောင်းမှ ကျောင်းသား/ ကျောင်းသူ(၁၇၁၀၃)တို့အား ဒီဇင်ဘာလ(၂၆)ရက်မှ ဇန်နဝါရီလ(၁၀)ရက်နေ့အထိ ကွင်းဆင်းစစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ကိုကျော် (ပြန်/ဆက်)