ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့လူမှုရေးရာဝန်ကြီး အင်္ဂပူမြို့စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဖွင့်ပွဲအခမ်းအနားနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်ဖွင့်ပွဲလှစ်

အင်္ဂပူ ဇန်နဝါရီ

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည်နှင့် တာဝန်ရှိသူများသည် ယမန်နေ့ နံနက်ပိုင်းက အင်္ဂပူမြို့ အခြေခံပညာအထက်တန်းကျောင်းတွင်ပြုလုပ်သည့် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ဖွင့်ပွဲအခမ်းအနားနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်ဖွင့်လှစ်ခဲ့သည်။

ဦးစွာ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တိုင်းဦးစီးမှူး ဒေါ်ယဉ်ဆွေဝင်း၊ မြန်အောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်၊ ခရိုင်ပညာရေးမှူး ဦးမြင့်အောင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးတို့က စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် မုဒ်ဦးအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြသည်။ ထို့နောက် လူမှုရေးရာဝန်ကြီးမှ ဘင်ခရာအဖွဲ့၊ ပန်းပွားအဖွဲ့၊ ကရင်ဒုံးယိမ်းအကအဖွဲ့နှင့် ဝါးညှပ်အကအဖွဲ့စသည့် ကူညီအားဖြည့်ကြသည့် အကအဖွဲ့တို့အား ဂုဏ်ပြုငွေများချီးမြှင့်ခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်ပြပွဲ၊ လှပသာယာပြည်မြန်မာဓာတ်ပုံပြခန်းနှင့် ဖွံ့ဖြိုးဝေစည်ဧရာဝတီ ပြိုင်ပွဲဝင် ဓာတ်ပုံပြခန်း၊ အခြေခံပညာဦးစီးဌာနမှ သင်ထောက်ကူပြခန်း၊ ထူးကြီးကြီးပွားရေး စာကြည့်တိုက်ပြခန်း၊ ကြက်ခြေနီပြခန်းများနှင့် ပန်းချီပြခန်း၊ ကာယဉာဏစွမ်းရည်ပြိုင်ပွဲများဖြစ်သည့် ခါးကွင်းလှည့်ပြိုင်ပွဲနှင့် ထုပ်စီးထိုးပြိုင်ပွဲ၊ ဆန်ကောရွက်ပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲများ ပုံပြောပြိုင်ပွဲ၊ စကားရည်လုပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲတို့အား လှည့်လည်ကြည့်ရှုအားပေးခဲ့ သည်။

ယင်းနောက် ဆုပေးပွဲအခမ်းအနားကို အခြေခံပညာအထက်တန်းကျောင်း ငုရွှေဝါခန်းမ၌ပြုလုပ်ရာ အ.ထ.က အင်္ဂပူမှ ကျောင်းသားကျောင်းသူများက ‘အလှဆုံးပန်းများပွင့်ကြပြီ’ သီးချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည်က အဖွင့်အမှာစကားပြောကြားရာတွင် မိမိတို့နိုင်ငံရဲ့ အမျိုးသားရေးရည်မှန်းချက် အောင်မြင်စေဖို့နဲ့ ကမ္ဘာနဲ့ယှဉ်ပြိုင်နိုင်တဲ့ ဖွံ့ဖြိုးတိုးတက်ပြီး သာယာဝပြောတဲ့ လူ့ဘောင်အသိုက်အဝန်း တည်ဆောက်နိုင်ရန်အတွက် အသိပညာ၊ အတတ်ပညာကြွယ်ဝတဲ့ လူသားအရင်းအမြစ်ကောင်းတွေ မဖြစ်မနေလိုအပ်မှာဖြစ်ပါကြောင်း၊ အဲဒီလိုဆောင်ရွက်နိုင်ဖို့ ပညာတတ်တွေမွေးထုတ်ပေးဖို့လိုအပ်သလို ကျောင်းသား၊ ကျောင်းသူတွေကိုလည်း အသိပညာ၊ အတတ်ပညာ ဗဟုသုတတွေတိုးပွားစေနိုင်ရေးအတွက် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးကို အားပေးဆောင်ရွက်သွားကြရမှာဖြစ်ပါကြောင်း၊ စာဖတ်ရှိန်မြှင့်တင်မှုနဲ့ပတ်သက်ပြီး အွန်လိုင်းမီဒီယာတွေမှာ စာပေဖတ်ရှုနိုင်သော်လည်း အဆိပ်အတောက်သတင်းအချက်အလက်တွေ လွှမ်းမိုးနေတာကြောင့် မိမိဘဝကိုအကျိုးရှိစေမယ့် စာပေတွေကိုသာ ရွေးချယ်ဖတ်ရှုလေ့လာဖို့လိုမှာဖြစ်ပါကြောင်း၊ စာအုပ်စာပေဖတ်ရှုမှုက ဘဝကိုတိုးတက်မြင့်မားသော အသိဉာဏ်ရရှိနိုင်မည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ စာစီစာကုံ၊ ကဗျာရွတ်၊ ပန်းချီ၊ ပုံပြင်ပြော၊ စကားရည်လု၊ ထုပ်ဆီးထိုးပြိုင်ပွဲတို့တွင် ဆုရရှိသူများအား လူမှုရေးရာဝန်ကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက အသီးသီးဆုများ ချီးမြှင့်ပေးအပ်ခဲ့ပြီး အခြေခံပညာကျောင်းများမှ ကျောင်းသားကျောင်းသူများက သီချင်းများဖြင့် ကပြဖျော်ဖြေကာ ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

အင်္ဂပူ (ပြန်/ဆက်)