ကြံခင်း ဇန်နဝါရီ ၇
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ကျောင်းကျန်းမာရေးကော်မတီဥက္ကဋ္ဌကြီးကြပ်မှုဖြင့် ကျောင်းသား/သူများကာယ၊ ဉာဏ ဖွံ့ဖြိုးစေရန်နှင့် ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်စေရန် ကျောင်းအခြေပြုတီဘီရောဂါ ကွင်းဆင်းရှာဖွေခြင်းလုပ်ငန်းကို ယမန်နေ့နံနက်ပိုင်းက အခြေခံပညာမူလတန်း မူလွန်မြို့မတောင်ကျောင်းစာသင်ခန်းတွင် ဆောင်ရွက်ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျောင်းကျန်းမာရေးအဖွဲ့မှ ဘက်စုံသားဖွား ဆရာမဒေါ်ဝင်းဝင်းကြည်ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများက မူလွန်မြို့မတောင်ကျောင်းရှိ KG တန်းမှ G-5 တန်းထိ ကျောင်းသား/သူ (၂၃၄)ဦးအား တီဘီရောဂါ ဖြစ်ပွားခြင်းရှိ/မရှိ စမ်းသပ်ရှာဖွေခြင်းလုပ်ငန်းများ ဆောင်ရွက်ကြသည်။
ကြံခင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းပေါင်း (၁၂၄)ကျောင်းရှိရာ ကျောင်းအခြေပြုတီဘီရောဂါ ကွင်းဆင်းရှာဖွေခြင်းလုပ်ငန်းများကို ဇန်နဝါရီလ(၂၆)ရက်နေ့အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးမှ တာဝန်ရှိသူထံက သိရသည်။
မြို့နယ်(ပြန်/ဆက်)