ပန်းတောင်း ဇန်နဝါရီ ၇
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ ဇန်နဝါရီ (၅) ရက်နေ့နံနက် (၉) နာရီအချိန် က ပန်းတောင်းမြို့နယ် ဥသျှစ်ပင်မြို့ စာရေးဆရာအသင်းအလင်္ကာခန်းမတွင် မြို့နယ်စာရေးဆရာအသင်း နှစ်ပတ်လည်အစည်းအဝေးနှင့် စာပေဆုရရှိသူ ဆရာကြီးနှစ်ဦးအား ဂုဏ်ပြုခြင်း အခမ်းအနားကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ မောင်လှကျော် (ပန်းတောင်း) မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဘဏ္ဍာရေးမှူး အောင်မြင့်ကျော် (ပန်းတောင်း) မှ တစ်နှစ်တာငွေစာရင်း ရ/သုံးငွေရှင်းတမ်းတင်ပြ၍ ရှေ့လုပ်ငန်းစဉ်များ ညှိနှိုင်းတိုင်ပင်ကာ ပထမပိုင်းအစီအစဉ် ပြီးဆုံးခဲ့သည်။
ဒုတိယပိုင်းအစီအစဉ်အရ ရှေးဦးစွာ ဆရာကြီး ဇေယျအထိမ်းအမှတ် ဇီးကုန်းမြို့နယ်ဒေါက်တာ ရဲဇော်စာပေဆုပြိုင်ပွဲတွင် ဝတ္တုတို (အထူးဆု) ရရှိခဲ့သော မြို့နယ်စာရေးဆရာအသင်းနာယက မောင်တည်ခိုင် (ပန်းတောင်း) အား မြို့နယ်စာရေးဆရာအသင်း အတွင်းရေးမှူး ခွန်နေဒူး (သနီမြေ) မှ ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခဲ့ရာ ဆရာမောင်တည်ခိုင် (ပန်းတောင်း) မှ ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
ဆက်လက်၍ ကိုကြီး (ပန်းတောင်း) မှ စာပေဗိမာန်ဆုရ ဆရာမောင်လှကျော် (ပန်းတောင်း) ၏ ကိုယ်ရေးရာဇာဝင်အကျဉ်းကိုဖတ်ကြားခဲ့ပြီး စာပေဗိမာန်စာပေဆုရစာမူထဲမှ စာပိုဒ်အချို့ကို ကောက်နှုတ်၍ ဆရာမြင့်ဌေး (SB-ငြိမ်း) မှ လည်းကောင်း၊ ဆရာမောင်မောင်ဝင်းတင် (ရွှေပင်မြေ) မှ လည်းကောင်း၊ ဆရာစစ်ရင်သွေး (ပန်းတောင်း) မှလည်းကောင်း၊ ရွှေတိုး (ထုံးဘို) မှ လည်းကောင်း၊ ဆရာမခင်လွှမ်းမိုး (ကျားကိုက်မြေ) မှလည်းကောင်း၊ စာပေဗိမာန်စာပေဆုရရှိသော မောင်လှကျော် (ပန်းတောင်း) အား ဂုဏ်ပြုရေးဖွဲ့ထားသော ကဗျာကို ခွန်နေဒူး (သနီမြေ) မှ ရွတ်ဆိုဂုဏ်ပြုခဲ့သည်။
၎င်းနောက် "ရွှေဂေဟာမှူး၏ပေးကူလမ်းပြဘဝမြေပြင်" စာမူဖြင့် စာပေဗိမာန်စာပေ (တတိယ) ဆုရရှိသူ ဆရာမောင်လှကျော် (ပန်းတောင်း) အား အောင်မြင့်ကျော် (ပန်းတောင်း) မှ ဂုဏ်ပြုမှတ်တမ်းနှင့် လက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ရာ ဆရာမောင်လှကျော် (ပန်းတောင်း) ကျေးဇူးတင်စကားပြောကြားခဲ့ပြီး ဆရာလှိုင်ကြည်ဦး (ထုံးဘို) မှ မုဒိတာစကား ပြောကြားခဲ့သည်။
လပြည့်လင်း(ပန်းတောင်း)