နတ်မောက် ဇန်နဝါရီ ၇
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမ၌ ယမန်နေ့ နံနက် (၁၀)နာရီအချိန်က လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့သည်။
အဆိုပါ လူငယ်ရေးရာဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒေါ်ဥမ္မာခင် ဦးစီးအရာရှိက လူငယ်ရေးရာဟောပြောကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်၊ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂဗလနှင့် ပြည့်စုံသည့် လူငယ် လူရွယ်များဖြစ်လာစေရန် လေ့လာသင်ယူစေချင်ပါကြောင်း၊ ယနေ့လူငယ် နောင်ဝယ်လူကြီး ဖြစ်လာမည့် အနာဂတ်မျိုးဆက်သစ်များအနေဖြင့် အသိဉာဏ်ပညာကိုဖြစ်စေမည့် စာအုပ်စာပေ၊ လောကဗဟုသုတများကို လေ့လာသင်ယူကြစေလိုကြောင်း၊ လူငယ်များအတွက် ပညာရေးသည် အဓိကရည်းမှန်းချက်ဖြစ်ပါကြောင်း၊ သားတို့သမီးတို့အနေဖြင့် ပညာကိုကြိုးစား သင်ယူစေချင်ပါကြောင်းနှင့် မိမိရည်မှန်းထားသော ဘဝများ ပိုင်ဆိုင်ရန်အတွက် ကျောင်းစာကို သင်ယူနေကြပြီး ပြင်ပဗဟုသုတများကို လေ့လာစေချင်ပါကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်၍ ဒေါ်သိမ့်သိမ့်မိုး (ဦးစီးအရာရှိ-တွဲဖက်)က ကျောင်းသား/သူများအား စာဖတ်နည်းသုံးနည်းအကြောင်း ရှင်းလင်းပြောကြားပြီး ကျောင်းအားလပ်ချိန်များတွင် ဗဟုသုတရစေမည့် စာပေများကို လေ့လာစေချင်ပါကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ အဆိုပါ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲသို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ဆရာ/မများနှင့် ကျောင်းသား/သူ (၄၃)ဦး တက်ရောက်ခဲ့သည်။
မူမူစန်း