ကန့်ဘလူမြို့နယ်၌ ၂၀၂၄-၂၀၂၅ ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် အစေ့ထုတ်ပြောင်းနှင့် ဖူးစားပြောင်း ၅၀၈၇ ဧကစိုက်ပျိုးပြီးစီး

ကန့်ဘလူ ဇန်နဝါရီ ၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ခုနှစ် ဆောင်းသီးနှံစိုက်ရာသီ၌ စေ့ထုတ်ပြောင်းနှင့်ဖူစားပြောင်း ၅၀၈၇ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ကန့်ဘလူမြို့နယ်၌ ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် အစေ့ထုတ်ပြောင်း ၃၅၆၅ ဧကနှင့် ဖူးစားပြောင်း ၁၆၁၃ ဧက စုစုပေါင်း ၅၁၇၈ ဧက စိုက်ပျိုးရန်လျာထားပြီး ယမန်နှစ် အောက်တို ဘာလက စတင်စိုက်ပျိုးခဲ့ရာ ယခုအခါ အစေ့ထုတ်ပြောင်း ၃၅၂၉ ဧကနှင့်ဖူးစားပြောင်း ၁၅၅၈ ဧက စုစုပေါင်း ၅၀၈၇ ဧကစိုက်ပျိုးပြီးဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့မြို့နယ်အတွင်း ဆောင်းသီးနှံစိုက်ပျိုးရာသီမှာ အစေ့ထုတ်ပြောင်းနဲ့ ဖူးစားပြောင်း ဧက ၅၁၀၀ ကျော် လျာထားစိုက်ပျိုးခဲ့ရာမှာ စိုက်ပျိုးပြီးစီးမှုရာခိုင်နှုန်းအနေဖြင့် အစေ့ထုတ် ပြောင်းဆိုရင် ၉၈ ဒသမ ၉၉ ရာခိုင်နှုန်းနဲ့ ဖူးစားပြောင်း ၉၆ ဒသမ ၅၉ ရာခိုင်နှုန်း စိုက်ပျိုးပြီးစီး နေပါပြီ။ ဒီပြောင်းသီးနှံတွေ ဖြစ်ထွန်းအောင်မြင်ဖို့ ပိုးမွှားရောဂါကျရောက်မှုမရှိစေဖို့နဲ့ အသိပညာပေး သင်တန်းတွေ၊ ဆွေးနွေးပွဲတွေအပြင် ဒေသအလိုက် ကွင်းတာဝန်ခံများက စိုက်ကွင်းများအရောက် အသိပညာပေးလုပ်ငန်းတွေ ဆောင်ရွက်ပေးလျက်ရှိပါတယ်” ဟု မြို့နယ် စိုက်ပျိုးရေးဦးစီးမှူး ဦးမျိုးဇော်ကပြောသည်။

ဒေသခံတောင်သူလယ်သမားများ၏ စိုက်ပျိုးထားသောသီးနှံများ ဖြစ်ထွန်းအောင်မြင်ရေးနှင့် ဝင်ငွေတိုးပွားရရှိရေးတို့အတွက် အလေးထားဆောင်ရွက်ပေးလျက်ရှိပြီး အထွက်ကောင်းမျိုးများ၊ အရည်အသွေးကောင်းမျိုးများ တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ ပိုးမွှားရောဂါကာကွယ်ရေးလုပ်ငန်းများကိုလည်း မျက်ခြည်မပြတ် စနစ်တကျစောင့်ကြည့်ဆောင်ရွက်ကာ မြေမှန်၊ မျိုးမှန်၊ စိုက်စနစ် မှန်ကန်ရေးနှင့်နည်းပညာများ ဖြန့်ဝေပေးနိုင်ရေးတို့အတွက်လည်း ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)