မင်းဘူး ဇန်နဝါရီ ၇
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ပလတ်စတစ်ကြွတ်ကြွတ်အိတ်များ သုံးစွဲမှုလျှော့ချရေးနှင့် ပလတ်စတစ်အစားထိုးသုံးစွဲရေး အသိပညာပေးခြင်းလုပ်ငန်းများကို စည်ပင်သာယာမြို့မဈေးကြီးနှစ်ခု၌ ယမန်နေ့နံနက်ပိုင်းက ဌာနဆိုင်ရာများ ပူပေါင်းပြီး ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့သို့ဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးကော်မတီ အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများ၊ မင်းဘူးခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များက မင်းဘူးမြို့ စည်ပင်သာယာမြို့မဈေးနှင့် စကုမြို့စည်ပင်သာယာမြို့မဈေးအတွင်းရှိ ဈေးရောင်း၊ ဈေးဝယ်များနှင့် ဒေသခံပြည်သူများအား ပလတ်စတစ်သုံးစွဲမှု၏ နောက်ဆက်တွဲဆိုးကျိုးများနှင့် ပလတ်စတစ်ညစ်ညမ်းမှုအား ဖြေရှင်းရန်နည်းလမ်းများ၊ ထိန်းချုပ်ခြင်းနည်းလမ်းသဘောတရားများ၊ သုံးစွဲမှုလျှော့ချရန် နည်းလမ်းနှင့် စည်းမျဉ်းများကို ပညာပေးဆောင်ရွက်ပြီး လက်ကမ်းစာစောင်ဖြန့်ဝေပေးကာ ပလတ်စတစ်ကြွတ်ကြွတ်အိတ်များအစား အင်ဖက်၊ ကြာဖက်၊ ငှက်ပျော်ဖက်၊ သတင်းစာစက္ကူအဟောင်းများနှင့် ဆွေးမြေ့လွယ်သော ထုတ်ပိုးမှုပစ္စည်းများအား အစားထိုးသုံးစွဲရေးကို အသိပညာပေးဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ ပလတ်စတစ်ကြွတ်ကြွတ်အိတ်များ သုံးစွဲမှုလျှော့ချရေးနှင့် အစားထိုးသုံးစွဲရေး အသိပညာပေးခြင်းလုပ်ငန်းများကို စည်ပင်သာယာနယ်နိမိတ်အတွင်းရှိ မြို့မဈေးကြီးများနှင့် လူစည်ကားရာနေရာများတွင် အပတ်စဉ် တနင်္လာနေ့တိုင်း ပလတ်စတစ်ကြွတ်ကြွတ်အိတ်များ သုံးစွဲမှလျှော့ချရေးနေ့အဖြစ် သတ်မှတ်ပြီး စဉ်ဆက်မပြတ် ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။
မောင်မောင်(မင်းဘူး)