မင်းဘူး ဇန်နဝါရီ ၇
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စကုမြို့ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့က ကြီးမှူးကာ စကုမြို့ မူကြိုကျောင်း၌ ယမန်နေ့နံနက်ပိုင်းက ကလေးငယ်များ အားကစားစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပသည်။
ပြိုင်ပွဲများကို အံသွင်းပြိုင်ပွဲ၊ ဗူးပိတ်ပြိုင်ပွဲ၊ အင်္ကျီဝတ်ပြိုင်ပွဲ၊ ဘီးတပ်ပြိုင်ပွဲ၊ ဘောလုံးတင်ပြိုင်ပွဲ၊ ဘိုးလိန်းပြိုင်ပွဲ၊ ကြက်ဥကောက်ပြိုင်ပွဲနှင့် အပြေးပြိုင်ပွဲများပါဝင်ပြီး အဆိုပါကျောင်းမှ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၁၀၀ ဦး ဝင်ရောက်ယှဉ်ပြိုင်ကြသည်။
ယင်းနောက် စကုမြို့ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဝေယံနှင်းနှင့် တာဝန်ရှိသူများက ပြိုင်ပွဲများအလိုက် ပထမ၊ ဒုတိယ၊ တတိယနှင့် အထူးဆုရရှိသူသားငယ်၊ သမီးငယ်များကို ဆုလက်ဆောင်ပစ္စည်းများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။
အဆိုပါ အားကစားစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားသို့ စကုမြို့မှ မြို့မိဖြို့ဖများ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ မူလတန်းကြိုကျောင်း ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ မိဘဆရာ အသင်းဝင်များနှင့် ကလေးငယ်များ၏ မိဘ/အုပ်ထိန်းသူများ တက်ရောက်အားပေးကြကြောင်း သိရသည်။
ဇေယျာနိုင်(ရွှေကန်မြေ)