ဆင်ပေါင်ဝဲ ဇန်နဝါရီ ၇
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် မြို့မစျေးအတွင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ မီးဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့နေ့လယ် ၃ နာရီခွဲအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ မီးလောင်မှု၊ မီးလန့်မှုများ မဖြစ်ပွားမပေါ်ပေါက်စေရေးနှင့် မီးဘေးအန္တရာယ်များ ကင်းရှင်းစေရေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းကို မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဦးဆန်းဝင်းက မီးသတ်ဆေးဘူး ကိုင်တွယ်အသုံးပြု၍ မီးငြှိမ်းသတ်ခြင်းနည်းလမ်းများကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများနှင့် စျေးသူ၊ စျေးသားများက လက်တွေ့သရုပ်ပြ မီးငြှိမ်းသတ်ခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဆက်လက်ပြီး မြို့မစျေးအတွင်းရှိ ဆိုင်ခန်းများအပေါ်သို့ ရေများပက်ဖြန်းပေးခဲ့ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆန်းဝင်းနှင့် ဝန်ထမ်းများ၊ မြို့နယ် စည်ပင်ကော်မတီဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆန်းဝင်းနှင့် မီးသတ်တပ်ဖွဲ့များ၊ ဌာနဆိုင်ရာများ၊ စျေးသူ၊ စျေးသားများက စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ခန့်ဝင်း(ဆင်ပေါင်ဝဲ)