ဒေးဒရဲမြို့၌  စက်သုံးဆီဆိုင်များ မီးဘေးလုံခြုံရေးစစ်ဆေးခြင်းနှင့် မီးငြှိမ်းသတ်ခြင်းလုပ်ငန်းများ ဇာတ်တိုက်လေ့ကျင့်

ဒေးဒရဲ ဇန်နဝါရီ ၇

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့၌ ပွင့်လင်းရာသီရောက်ရှိလာသည်နှင့်အညီ မီးဘေးအန္တရာယ်ကြောင့် ပြည်သူများထိခိုက်နစ်နာဆုံးရှုံးမှု မရှိစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာဌာနများပူးပေါင်း၍ စက်သုံးဆီဆိုင်များ မီးဘေးလုံခြုံရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေးခြင်းနှင့် ကြိုတင်ဇာတ်တိုက်လေ့ကျင့်ခန်းများ ဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်()နာရီအချိန်က အမှတ်()ရပ်ကွက် ဒေးဒရဲတံတားလမ်းရှိ ရတနာကောင်းကင် စက်သုံးဆီအရောင်းဆိုင်၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်မီးဘေးလုံခြုံရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြသိန်းမောင် ဦးဆောင်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊  ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးဟန်ဝင်းစိုးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ စက်သုံးဆီအရောင်းဆိုင်ဝန်ထမ်းများပူးပေါင်း၍ မီးသတ်ဆေးဘူးများကို စနစ်တကျကိုင်တွယ်အသုံးပြု၍ မီးငြှိမ်းသတ်ခြင်းနှင့် (FOAM)အမြှပ်ဆေးရည်ဖြင့် မီးငြှိမ်းသတ်ခြင်း စသည့်ဇာတ်တိုက်လေ့ကျင့်ခြင်းများကို စုပေါင်းဆောင်ရွက်ခဲ့ပြီး စက်သုံးဆီဆိုင်များတွင် မီးဘေးကာကွယ်ရေးပစ္စည်းများအား အဆင်သင့်ထားရှိမှု၊ မတော်တဆမီးလောင်မှုဖြစ်ပွားပါက ပြည်သူများကိုယ်တိုင် မီးငြှိမ်းသတ်နိုင်သည့် နည်းစနစ်များ၊ မီးဘေးအန္တရာယ် ကြုံတွေ့ချိန်တွင် အသက်အန္တရာယ် မထိခိုက်စေရေး ဆောင်ရွက်ရမည့်အချက်များနှင့် မီးလောင်ပါက မြို့နယ်မီးသတ်ဦးစီးဌာနသို့ ဆက်သွယ်ရမည့် ဖုန်းနံပါတ် စသည်တို့ကို စစ်ဆေးအကြံပြု လမ်းညွှန်မှာကြားခဲ့ကြကြောင်း သိရသည်။

ဒေးဒရဲမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် ပြည်သူများ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ကျန်ရှိသည့် ဌာနဆိုင်ရာရုံးများ၊ ရပ်ကွက်/ကျေးရွာများတွင် နေအိမ်များမီးဘေးလုံခြုံရေးအတွက် တစ်အိမ်တက်ဆင်း ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ၊ ကျောင်အခြေပြု မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းများကို စဥ်ဆက်မပြတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အေဇာလင်း(ပြန်/ဆက်)