ဟင်္သာတမြို့နယ် မီးသတ်ဦးစီးမှူးရုံး၌ မြို့နယ်အဆင့် ရှာဖွေကယ်ဆယ်ရေး သင်တန်းအမှတ်စဉ် (၁/၂၀၂၅) သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

ဟင်္သာတ ဇန်နဝါရီ ၇

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ် မီးသတ်ဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက်(၉)နာရီက မြို့နယ်အဆင့် ရှာဖွေကယ်ဆယ်ရေး သင်တန်းအမှတ်စဉ် (၁/၂၀၂၅) သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ဟင်္သာတမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညွှန့်ဆန်းထွန်းက အဖွင့်အမှာစကားပြောကြားရာတွင် "မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် မီးသတ်တပ်ဖွဲ့ရဲ့ ရည်မှန်းချက် တာဝန်ကြီး(၄)ရပ်ဖြစ်တဲ့ မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေး၊ ပြည်သူ့အကျိုးပြုလုပ်ငန်းတွေကို ဆောင်ရွက်ရာမှာ စနစ်တကျနဲ့ အံဝင်ဂွင်ကျဖြစ်စေဖို့၊ မီးသတ်တပ်ဖွဲ့ဝင်များအနေနဲ့ အမိန့်နာခံတတ်မှု၊ စည်းကမ်းသေဝပ်မှု၊ မီးသတ်ပညာရပ်၊ ရှာဖွေကယ်ဆယ်ရေးပညာရပ်များကို ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးချဆောင်ရွက်နိုင်ရေးအတွက် သင်တန်းမှ ကျွမ်းကျင်သော နည်းပြဆရာများ၏ လေ့ကျင့်သင်ကြားပေးခြင်းအား စိတ်ပါဝင်စားစွာဖြင့် ကြိုးစားလေ့ကျင့်သင်ကြားစေလိုကြောင်း" စသဖြင့် အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် မြို့နယ်မီးသတ်ဦးစီးမှူး ဦးဥက္ကာက သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါသင်တန်းအား သင်တန်းသား(၃၅)ဦးဖြင့် ၆.၁.၂၀၂၅ ရက်နေ့မှ ၃၁. ၁.၂၀၂၅ ရက်နေ့အထိ ရက်သတ္တ(၄)ပတ်ကြာ စာတွေ့/လက်တွေ့ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ပြီး အခမ်းအနားသို့ ဟင်္သာတမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညွှန့်ဆန်းထွန်း၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးကျော်စွာထွန်း၊ အဖွဲ့ဝင်(၃) ဦးဖြိုးဝေအောင်၊ အတွင်းရေးမှူး ရဲမှူးနေဝင်း၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဟင်္သာတမြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးမှူး ဦးဥက္ကာနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ သင်တန်းသားများ စုစုပေါင်းအင်အား(၅၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

ခရိုင်(ပြန်/ဆက်)