ဒေးဒရဲမြို့နယ်၌ အမျိုးသမီးများဘဝဖွံ့ဖြိုးတိုးတက်စေရေး ဆပ်ပြာဆီပြုလုပ်နည်းသင်တန်းဖွင့်လှစ်

ဒေးဒရဲ ဇန်နဝါရီ ၆

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့က အမျိုးသမီးများ အိမ်တွင်းစီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းဖြင့် မိသားစုအပိုဝင်ငွေ တိုးပွားစေရေးနှင့် အမျိုးသမီးကဏ္ဍများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ဆပ်ပြာဆီပြုလုပ်နည်းသင်တန်းကို ယနေ့နံနက်(၁)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ အတွင်းရေးမှူး ဒေါ်သင်းသင်းမွန်က အမျိုးသမီးများဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် မိသားစုအပိုဝင်ငွေ ရရှိစေရေးအတွက် သက်ဆိုင်ရာဌာနများ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ တစ်နိုင်တစ်ပိုင် စီပွားရေးလုပ်ငန်းများ ပြုလုပ်နိုင်သည့်သင်တန်းများ ဖွင့်လှစ်ပေးနေမှု အခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ပြီး တစ်နိုင်တစ်ပိုင် ဆပ်ပြာဆီပြုလုပ်ရောင်းချလျက်ရှိသည့် ဒေါ်မော်မော်အောင်က ကုန်ကြမ်းပစ္စည်းများဖြင့် ဆပ်ပြာဆီထုတ်လုပ်နည်းအဆင့်ဆင့်ကို သင်ကြားပြသပေးခဲ့ရာ သင်တန်းသူ (၁၅)ဦး တက်ရောက်သင်ယူခဲ့ကြောင်း သိရသည်။

ဒေးဒရဲမြို့နယ် အမျိုးသမီးရေးရာအဖွဲ့အနေဖြင့် အမျိုးသမီးများ ဘဝဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပန်းအလှထိုးနည်းသင်တန်း၊ အခြေခံမုန့်လုပ်နည်းသင်တန်း ဆပ်ပြာဆီပြုလုပ်နည်းသင်တန်းများနှင့် ကျန်းမာရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများကို ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အေဇာလင်း(ပြန်/ဆက်)