ဝါးခယ်မမြို့နယ်တွင် (၂၀၂၄-၂၀၂၅) ပညာသင်နှစ် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော် အခမ်းအနားကျင်းပ

ဝါးခယ်မ ဇန်နဝါရီ ၆

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်အခမ်းအနားကို အ.ထ.က(၁) ဒေါ်ပိုက်မိခန်းမ၌ ယမန်နေ့နံနက်(၉) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ထိုအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးရဲမြင့်မှ အဖွင့်အမှာစကားပြောကြားခြင်း၊ မြို့နယ်အညာရေးမှူး ဆရာမကြီး ဒေါ်နန်းစမ်စွမ်းက အမှာစကားပြောကြားခြင်း၊ အ.မ.က(မင်းပိုင်း)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက "မင်္ဂလာပါ" သီချင်းဖြင့် ကပြဖျော်ဖြေခြင်း၊ မြို့နယ်အဆင့်၊ ခရိုင်အဆင့်၊ တိုင်းအဆင့်သန့်ရှင်း၍ စိမ်းလန်းစိုပြေသောကျောင်းဆုနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ပညာရေးပြခန်းများတွင် ဆုရရှိခဲ့သော အခြေခံပညာကျောင်းများအား ဆုများချီးမြှင့်ခြင်း၊ အ-မ-က(ဈေး)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက "တိုင်းဧရာအလှ" သီချင်းဖြင့် ကပြဖျော်ဖြေခြင်း၊ (၂၅)ကြိမ်းမြောက် ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲတွင် ဆုရရှိခဲ့‌သည့် ကျောင်းသား၊ ကျောင်းသူလေးများအား ဆုများချီးမြှင့်ခြင်း၊ အမက(ဘုရားကြီးလမ်း)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက "ဝဲလည်လည်" သီချင်းဖြင့် ကပြဖျော်ဖြေခြင်း၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် စာစီစာကုံး၊ ကဗျာ၊ ပန်းချီပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအားဆုများ ချီးမြှင့်ခြင်းနှင့် မြို့နယ်အဆင့် အားကစားပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုချီးမြှင့်ခဲ့ပြီး အထက(၂)ဝါးခယ်မကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက "လောကအားမာန်" သီချင်းဖြင့် ကပြဖျော်‌ဖြေ၍ အခမ်းအနားကို အောင်မြင်စွာ ပိတ်သိမ်းခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ ဝါးခယ်မမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် မိဘများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဟိန်းထက်လင်း(ပြန်/ဆက်)