သာယာဝတီမြို့တွင် ခရိုင်အဆင့်(Grade-11)နှင့် (Grade-12)ဆရာများအတွက် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း အမှတ်စဉ် (၄) သင်တန်းဖွင့်လှစ်

သာယာဝတီ ဇန်နဝါရီ ၆

ပဲခူးတိုင်းဒေသကြီးဥပဒေချုပ်နှင့် ပဲခူးတိုင်းဒေသကြီးပညာရေးမှူးရုံးတို့ပူးပေါင်းဖွင့်လှစ်သည့် အခြေခံပညာ(Grade-11)နှင့် (Grade-12) ဆရာများအတွက် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း အမှတ်စဉ်(၄)သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၁၀ နာရီက သာယာဝတီမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ပညာ့အားမာန်ခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီးဥပဒေချုပ် ဦးခင်မောင်တင့်က အမှာစကားပြောကြားရာတွင် အခြေခံပညာ Grade-11 နှင့် Grade-12 အဆင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အသက် ၁၈ နှစ်ပြည့်ပြီးပါက အရွယ်ရောက်ပြီးသူ နိုင်ငံသားတစ်ဦး၏ ရရှိမည့်အခွင့်အရေးများနှင့် ထမ်းဆောင်ရမည့်တာဝန်များကို ကြိုတင်သိရှိထားရန်လိုအပ်ကြောင်း၊ ဥပဒေရေးရာဝန်ကြီးဌာနအနေဖြင့် အခြေခံပညာကျောင်းများတွင် ဥပဒေပညာသင်ကြားနိုင်ရေးနှင့်စပ်လျဉ်း၍ Grade -11 နှင့် Grade -12 အဆင့် ကျောင်းသူ၊ ကျောင်းသားများနှင့်သင့်လျော်မည့် သင်ရိုးညွှန်းတမ်းကို ရေးသားဆောင်ရွက်ခြင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ဥပဒေချုပ်ရုံးများက ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း(Training of Trainer)ကို ဖွင့်လှစ်ဆောင်ရွက်ခြင်းများကို တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ သင်တန်းဆင်း ဆရာ၊ ဆရာမများအနေဖြင့် မိမိတို့ကျောင်းတွင် ဆင့်ပွားသင်တန်းများ ဆက်လက်ဖွင့်လှစ်ဆောင်ရွက်ရန်နှင့် သက်ဆိုင်ရာဘာသာရပ်သင် ဆရာ၊ ဆရာမများက လမ်းညွှန်ချက်နှင့်အညီ Grade-11 နှင့် Grade-12 တွင် ပညာသင်နှစ် ၁ နှစ်လျှင် ၂၄ ချိန် ဥပဒေအသိပညာကို သင်ကြားပေးသွားရန်" အမှာစကားပြောကြားခဲ့သည်။

ဆက်လက်၍ ဥပဒေရေးရာဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက် မှတ်တမ်း Video Clip ဖြင့် ပြသခဲ့သည်။ ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးဥပဒေချုပ်နှင့် တိုင်းဒေသကြီးမှ တိုင်းဒေသကြီး ဥပဒေအရာရှိ၊ တိုင်းဒေသကြီး ပညာရေးမှူးများ၊ သာယာဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မြို့နယ်ပညာရေးမှူးများ၊ သင်တန်းသား ဆရာ/ဆရာမများ တက်ရောက်ခဲ့ကြသည်။

အဆိုပါ (Grade-11) နှင့် (Grade-12)ဆရာများအတွက် ဥပဒေအသိပညာပြန့်ပွားရေး သင်တန်းကို ဇန်နဝါရီလ ၆ ရက်နေ့မှ ၁၅ ရက်နေ့အထိ ဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်းနည်းပြများအဖြစ် သာယာဝတီခရိုင်နှင့်မြို့နယ်ဥပဒေရုံးမှ ဥပဒေအရာရှိများက ရာဇသတ်ကြီး၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေ၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေ၊ လောင်းကစားဥပဒေ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနှင့် ပြည်သူ့စစ်မှုထမ်းဥပဒေစသည့် ဘာသာရပ်များကို ဆွေးနွေးပို့ချမည်ဖြစ်ပြီး သာယာဝတီခရိုင်အတွင်းရှိ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမ (၉၈)ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)