ကျောက်တံခါးမြို့နယ်၌ (၂၀၂၄-၂၀၂၅) ပညာသင်နှစ်၊ မြို့နယ်ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ပွဲကျင်းပ

ကျောက်တံခါး ဇန်နဝါရီ ၆

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် (၂၀၂၄-၂၀၂၅) ခုနှစ်၊ ပညာသင်နှစ်အတွက် ကျောင်းသူ၊ ကျောင်းသားများ ကာယ/ဉာဏ/စာရိတ္တ ဘက်စုံပညာဖွံ့ဖြိုးရေးအတွက် မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော်ကို ယမန်နေ့နံနက် ၉ နာရီအချိန်က အခြေခံပညာအထက်တန်း (ကျောက်တံခါး) ပတ္တမြားခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပညာရေးစုံညီဖွင့်ပွဲ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညွန့်ဆွေက အမှာစကားပြောကြားရာတွင် ပညာရေးစုံညီပွဲတော်၏ရည်ရွယ်ချက်နှင့် ပညာရေး၏တန်ဖိုးများ၊ ကျောင်းဘက်စုံ ဖွံ့ဖြိုးစေရေးအတွက် ကျောင်းသားမိဘများက ဝိုင်းဝန်းပံ့ပိုးပူးပေါင်းကြရန် လိုအပ်ကြောင်းတို့ကိုပြောကြားပြီး မြို့နယ်ပညာ‌ရေးမှူး ဒေါ်ခင်သန္တာကျော်က ပညာရေးစုံညီပွဲတော် ကျင်းပခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် ၂၀၂၄-၂၀၂၅ ခု၊ ပညာသင်နှစ်အတွင်း ကမ္ဘာ့ဆရာများနေ့၊ နိုင်ငံတကာ စာတတ်မြောက်ရေးနေ့၊ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့၊ ကျောင်းကျန်းမာရေးနေ့၊ (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့စသည့်အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲဆုနှင့် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှု၊ စာပေဘာသာ (အင်္ဂလိပ်/သင်္ချာ) ထူးချွန်ဆုရရှိခဲ့ကြသည့် အထက်တန်း/ အလယ်တန်း/မူလတန်းအဆင့်မှ ကျောင်းသူ၊ ကျောင်းသားများ၊ ထူးချွန်ဆရာ/ ဆရာမများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးနှင့် ‌ဌာနဆိုင်ရာအကြီးအကဲများက ဆုတံဆိပ်နှင့်ဂုဏ်ပြုမှတ်တမ်းလွှာများကို အသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြ သည်။

ယင်းနောက် ကျောင်းသူ၊ ကျောင်းသားလေးများက အကဖွဲ့အလိုက် အကပဒေသာများဖြင့် ပျော်ရွှင်စွာ ကပြဖျော်ဖြေခဲ့ကြရာ တက်ရောက်လာသူများနှင့် ကျောင်းသားမိဘများက အားပေးကြည့်ရှုခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)