အင်္ဂပူ ဇန်နဝါရီ ၆
စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရန်၊ ကျောင်းသား လူငယ်များနှင့် နိုင်ငံ့အနာဂတ် လူစွမ်းအားအရင်းအမြစ် ပြုစုပျိုးထောင်မှုများ အရှိန်အဟုန်မြှင့်မားလာစေရန်၊ ပညာဗဟုသုတ ပြည့်ဝ၍ အနာဂတ်တွင် နိုင်ငံတော်အတွက်ဦးဆောင် ဦးရွက်ပြုနိုင်သူများဖြစ်လာစေရန် ရည်ရွယ်ချက်များဖြင့် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်များ ကျင်းပပေးလျက်ရှိရာတွင် ယမန်နေ့နံနက်က အ.ထ.က(အင်္ဂပူ)ကျောင်း၌ ပြခန်းများနှင့် ပြိုင်ပွဲများကို ကျင်းပလျက်ရှိသည်။
ပြိုင်ပွဲများကို ကျင်းပရာတွင် အင်္ဂပူမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျေင်းသား ကျောင်းသူများက စာစီစာကုံးပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲ၊ စကားရည်လု ပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲများကို ကျင်းပပေးသည်။ ကာယဉာဏစွမ်းရည်ပြိုင်ပွဲများတွင် ခါးကွင်းလှည့် ပြိုင်ပွဲနှင့် ထုပ်စီးထိုးပြိုင်ပွဲ၊ ဆန်ကောရွက် စကားပုံဆက်နှင့် အရုပ်ဆက်ပြိုင်ပွဲများ ထည့်သွင်းကျင်းပ ပေးလျက်ရှိသည်။ ထို့အပြင် ကျောင်းသား ကျောင်းသူများ လေ့လာကြည့်ရှုနိုင်ရန် လှပသာယာ ပြည်မြန်မာဓာတ်ပုံပြခန်းနှင့် ဖွံ့ဖြိုးဝေစည်ဧရာဝတီပြိုင်ပွဲဝင် ဓာတ်ပုံပြခန်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာအုပ်ပြခန်း၊ အခြေခံပညာဦးစီးဌာနမှ သင်ထောက်ကူပြခန်း၊ ပန်းချီပြခန်း၊ ထူးကြီးကြီးပွားရေးစာကြည့်တိုက်ပြခန်း၊ ကြက်ခြေနီပြခန်းများနှင့် စာအုပ်ဈေးရောင်း ပွဲတော်တွင် စာအုပ်အရောင်းဆိုင် ၂ ဆိုင်မှ ဈေးနှုန်းသင့်တင့်စွာဖြင့် စာအုပ်များကို ရောင်းချပေးခဲ့ရာ ကျောင်းသား ကျေင်းသူများနှင့် စာပေချစ်မြတ်နှိုးသူများက လေ့လာကြည့်ရှုအားပေးကြပြီး ငုရွှေဝါခန်းမတွင် ဖျော်ဖြေရေးအစီအစဉ်များနှင့် လူငယ်စကားဝိုင်းများကို ပြုလုပ်ခဲ့သည်။
အဆိုပါ ပြခန်း၊ ပြိုင်ပွဲများ၊ လူငယ်စကားဝိုင်းနှင့် ဖျော်ဖြေရေးအစီစဉ်များအား မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်သန္တာဌေးနှင့် အဖွဲ့ဝင်များက လှည့်လည်ကြည့်ရှု အားပေးခဲ့ကြကြောင်း သိရသည်။
မန်းကျော်(အင်္ဂပူပြန်/ဆက်)