သာပေါင်းမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်ကျင်းပ

သာပေါင်း ဇန်နဝါရီ ၆

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် ပညာရေးစုံညီပွဲတော် ကာယ၊ ဥာဏ ထူးချွန် ကျောင်းသား၊ ကျောင်းသူများ ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဇန်နဝါရီလ ၃ ရက်နေ့၊ နံနက် ၉ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း(သာပေါင်း)၌ ကျင်းပခဲ့သည်။

၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ မြို့နယ်ပညာရေးစုံညီပွဲတော်ကို အခြေခံပညာအထက်တန်းကျောင်း(သာပေါင်း)၊ သော်ကဆောင်ခန်းမ၌ ကျောင်းသား၊ ကျောင်းသူကလေးများက “စုံညီပွဲတော်တို့နွှဲပျော်”သီချင်းဖြင့်သီဆို၍ အခမ်းအနားဖွင့်လှစ်ပေးကာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူးဆရာကြီး ဦးထွန်းမင်းလတ်မှ စုံညီပွဲတော်ကျင်းပရခြင်းနှင့်ပတ်သတ်၍ ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် တိုင်းအဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့်ကာယ၊ ဉာဏ ပြိုင်ပွဲတို့တွင် ထူးချွန်ဆုရ ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတို့က ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ဆက်လက်၍ အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများက ကျောင်းသား၊ ကျောင်းသူများမှ အကအလှ ပဒေသာကပွဲများဖြင့် တင်ဆက်ကပြ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြကြောင်း သိရသည်။

သိန်းမြင့်မျိုးဦး(ပြန်/ဆက်)