ပခုက္ကူမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး‌ဟောပြောပွဲ ပြုလုပ်

ပခုက္ကူ ဇန်နဝါရီ ၆

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းဆပ်ကော်မတီ၏လမ်းညွန်မှုဖြင့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို  ယနေ့ နံနက် ၁၀ နာရီအချိန်က ပခုက္ကူမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်သည်။

ဟောပြောပွဲတွင် ပခုက္ကူခရိုင်လူမှုဝန်ထမ်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်သန္တာဦးက ကလေးအလုပ်သမား၏အဓိပ္ပာယ်‌၊ ကလေးအလုပ်သမားများ‌ပေါ်ပေါက်လာရခြင်းအကြောင်းအရင်းများ၊ ကလေးအလုပ်သမားအများဆုံးတွေ့မြင်ရသည့်အလုပ်ဌာန‌များနှင့် အလုပ်အကိုင်အမျိုးအစားများ၊ ကလေးအလုပ်သမားအခွင့်အ‌ရေးများနှင့် ဥပဒေပြဋ္ဌာန်းချက်များ၊ ကလေးငယ်များအား အဆိုးရွားဆုံးပုံစံဖြင့် အလုပ်ခိုင်းစေသည့်ဆိုင်များနှင့် အလုပ်ဌာနများကို အရေးယူနိုင်သည့်ပြစ်မှုနှင့်ပြစ်ဒဏ်များ၊ ကလေးအလုပ်သမားပပျောက်ရေး လိုက်နာဆောင်ရွက်ရမည့်နည်းလမ်းများအကြောင်းတို့ကို အသိပညာပေး ရှင်းလင်းဟောပြောသည်။

ဆက်လက်၍ ပခုက္ကူမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများက ဟောပြောမှုအပေါ် သိရှိလိုသည်များမေးမြန်းကာ ပြန်လည်ဆွေးနွေးကြကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)