ကြံခင်းမြို့ (အ.ထ.က)မျောက်ချောကုန်းကျောင်း၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲကျင်းပ

ကြံခင်း ဇန်နဝါရီ ၆

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ကြံတောအုပ်စု၊ မျောက်ချောကုန်း အခြေခံပညာအထက်တန်း ကျောင်းတွင်၊ (၅၂၈)လူငယ်ဖွံ့ဖြိုးရေးပရဟိတ ကျောက်တိုင် ကျောင်းတိုက်ဆရာတော်ဒေါက်တာဘဒ္ဒန္တ ပညာနန္ဒ (သီတဂူဗုဒ္ဓတက္ကသိုလ်ကထိက၊ ပြည်) ဦးဆောင်ကာ အခြေခံပညာရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၏ ပညာရေးစုံညီပွဲတော်နှင့် ထူးချွန်အောင်သင်ကြားပေးသည့် ဆရာဆရာမများ၊ ထူးချွန်သည့် ကျောင်းသားကျောင်းသူများအား ပညာရည်ချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါကျောင်း၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ (အ.ထ.က) မျောက်ချောကုန်း ကျောင်းပညာရေးစုံညီပွဲတော် မုဒ်ဦးရှေ့တွင် (၅၂၈) လူငယ်ဖွံ့ဖြိုးရေးပရဟိတ ကျောက်တိုင်ကျောင်းတိုက်ဆရာတော်ဒေါက်တာဘဒ္ဒန္တ ပညာနန္ဒ၊ မြန်အောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်၊ ခရိုင် (လ ဝ က) ဦးစီးမှူး ဦးတင်မြိုင်၊ ခရိုင်ပညာ‌ရေးမှူးဦးမြင့်အောင်၊ မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းလှိုင်၊ အတွင်းရေးမှူး ရဲမှူးကြည်စိုးနှင့် မြို့နယ်ပညာရေးမှူး ဒေါ်ဌေးဌေးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်‌ပေးခဲ့ပြီးနောက် စုပေါင်းမှတ်တမ်းရိုက်ကူးခဲ့ကြသည်။

ဆက်လက်၍ ပညာရေးစုံညီပွဲတော် ဆုချီးမြှင့်အခမ်းအနားကို ကျင်းပရာ (အ ထ က) မျောက်ချောကုန်းကျောင်းမှ ကျောင်းသား/သူများက “စုံညီပွဲတော်တို့နွဲပျော်” သီချင်းဖြင့် အခမ်းအနားဖွင့်လှစ်ခဲ့ပြီး၊ (၅၂၈)လူငယ်ဖွံ့ဖြိုးရေးပရဟိတ ကျောက်တိုင်ဆရာတော် ဘဒ္ဒန္တဒေါက်တာပညာနန္ဒက အဖွင့်စကားမိန့်ကြားခဲ့ပြီး၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် နိုင်ငံတော်ဝိနည်းဓိုရ်ကွေ့မတောင်ပုံကျောင်းဆရာတော် သာသနာ့ဓဇဓမ္မာစရိယ ဘဒ္ဒန္တဝရဉာဏက ဆုံးမသြဝါဒစကားမိန့်ကြားခဲ့သည်။

ထို့နောက်မြန်အောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦး‌မျိုးလှိုင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ ခရိုင်ပညာ‌ရေးမှူးက ပညာရေးလမ်းညွှန်ချက်များ ပြောကြားပြီးနောက်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းလှိုင်ကအမှာစကား ပြောကြားခဲ့သည်။ ယင်းနောက် (အ.ထ.က) မျောက်ချောကုန်း ကျောင်းအကျိုးတော်ဆောင်အဖွဲ့ဥက္ကဋ္ဌ ဦးသောင်းလွင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားပါသည်။

ဆက်လက်၍ ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သော ကျောင်းသား/သူ(၁၁)ဦး၊ ထူးချွန်စွာ အောင်မြင်ကြသော သုံးဘာသာဂုဏ်ထူးရှင်(၁)ဦး၊ တစ်ဘာသာဂုဏ်ထူးရှင်(၂)ဦးတို့နှင့် တိုင်းဒေသကြီး၊ ခရိုင်နှင့်မြို့နယ်အဆင့်တို့တွင် ကာယပြိုင်ပွဲ၊ ဉာဏပြိုင်ပွဲများ၌ ဆုရရှိသူများ၊ ထူးချွန်အောင်သင်ကြားပေးခဲ့သော ဆရာ/ဆရာမ(၇)ဦးတို့အား (၅၂၈)လူငယ်ဖွံ့ဖြိုးရေးပရဟိတ ကျောက်တိုင် ကျောင်းတိုက်ဆရာတော် ဒေါက်တာပညာနန္ဒ၊ ခရိုင်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်နှင့် တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ပေးအပ်ကြပြီး‌နောက်၊ (၅၂၈) လူငယ်ဖွံ့ဖြိုးရေးပရဟိတကျောင်းနှင့် (အ.ထ.က) မျောက်ချောကုန်းကျောင်းမှ ကျောင်းသား/ သူလေးများက တေးသရုပ်ဖော်များဖြင့် ကပြဖျော်ဖြေခဲ့ကြရာ ခရိုင်/ မြို့နယ်မှတာဝန်ရှိသူများနှင့် ကျောင်းအုပ်ဆရာကြီး/ ဆရာမကြီးများ‌၊ ကျောင်းသား/ သူမိဘအုပ်ထိန်းသူများက ကြည့်ရှုအားပေး ဂုဏ်ပြုချီးမြှင့်ကြသည်။

ဆက်လက်ပြီး နေ့လည်ပိုင်းတွင် ကျောက်ဆည်ဆင်အကနှင့် ဖိုက်စတားအဖွဲ့များဖြင့် ဧည့်ခံဖျော်ဖြေပေးခြင်း၊ မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း ဗဟိုအမှုဆောင်ကော်မတီ တိုင်းတာဝန်ခံ ဦးအောင်ဆန်းဝင်းနှင့် အသင်းသားများက စတုဒိသာများဖြင့် ကျွေးမွေးဧည့်ခံ လှူဒါန်းကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)