ဆင်ပေါင်ဝဲမြို့ မြို့မဈေးကြီး မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

ဆင်ပေါင်ဝဲ ဇန်နဝါရီ ၆

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီနှင့် ဈေးကော်မတီဝင် များပူးပေါင်း၍ မြို့မဈေးအတွင်းဈေးရောင်းချနေသည့် ဈေးဆိုင်များတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် အဆိုပါအဖွဲ့မှ ယခုအခါတွင် ပွင့်လင်းရာသီ ရောက်ရှိလာပြီဖြစ်သည့်အတွက် ဆိုင်ခန်းပိုင်ရှင်များအနေဖြင့် မီးဘေးလုံခြုံရေးကို အထူးဂရုစိုက်ရန်လိုအပ်ကြောင်း၊ လုံခြုံရေးအသိ၊ လုံခြုံးသတိရှိရန်လိုအပ်ကြောင်း၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန်အတွက် သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများကိုလိုက်နာကြရန်လိုအပ်ကြောင်း စသည်ဖြင့် အသိပေးပြောကြားခဲ့သည်။

ထို့နောက် အဆိုပါအဖွဲ့သည် မြို့မဈေးအတွင်းနှင့် အပြင်ရှိရောင်းချနေသည့် ကုန်စုံဆိုင်များ၊ အထည်ဆိုင်များ၊ ရွှေဆိုင်များတွင်အရေးပေါ် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် မီးသတ်ဆေးဘူးများ ထားရှိမှု ရှိ/မရှိ၊ အရေးပေါ်မီးသတ်စက်ကောင်း၊ မကောင်း၊ အရေးပေါ်မီးငြိမ်းသတ်နိုင်ရေးအတွက် ရေကန်များတွင် ရေဖြည့်တင်းထားမှု ရှိ/မရှိ၊ မီးသုံးစွဲသည့် ဝါယာကြိုး သွယ်တန်းမှုကောင်း၊ မကောင်းနှင့် မီးခလုတ်များ တပ်ဆင်အသုံးပြုခြင်း စနစ်ကျမှု ရှိ/မရှိ တို့ကို လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။

ခန့်ဝင်း(ဆင်ပေါင်ဝဲ)