တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် မြိတ်မြို့တွင် ငလျင်ဘေးအန္တရာယ်သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်

မြိတ် ဇန်နဝါရီ ၆

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုသည် တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ဟိုတယ်၊ မိုတယ်နှင့်တည်းခိုခန်းများတွင် သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလာပါက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ အလျင်အမြန် တုံ့ပြန်ဆောင်ရွက်နိုင်ရန်အတွက် မြိတ်မြို့ Regent Hotel တွင် ပြုလုပ်သည့် ငလျင်ဘေးအန္တရာယ်သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းကို တက်ရောက်ကြည့်ရှုအားပေးခဲ့ကြသည်။

ဇာတ်တိုက်လေ့ကျင့်ခြင်း ဆောင်ရွက်ရာတွင် ပူးပေါင်းအဖွဲ့များက ငလျင်လှုပ်ခတ်ပြီး ဟိုတယ်အတွင်း သတိပေးခြင်း၊ မီးလောင်မှုအားအချက်ပေးခြင်း၊ တည်းခိုနေထိုင်သူများ သတ်မှတ်လမ်းကြောင်းအတိုင်း ဘေးလွတ်ရာသို့ ထွက်ခွာခြင်း၊ Fire Point နေရာအား မီးငြိမ်းသတ်ခြင်း၊ ပိတ်မိနေသူများနှင့် ဒဏ်ရာရရှိသူများအား ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်းများအသုံးပြု၍ ကယ်ဆယ်ခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ ဒဏ်ရာရရှိသူများအနက် အရေးပေါ်လူနာ၊ အရေးကြီးလူနာ၊ သာမန်လူနာများခွဲခြား၍ ရှေးဦးသူနာပြုစုခြင်းနှင့် ဆေးရုံသို့ပို့ဆောင်ခြင်း၊ ကျန်ရှိ/ ပျောက်ဆုံးသူများ ရှိ/ မရှိကို စာရင်းကောက်ယူစိစစ်ဆောင်ရွက်ခြင်း စသည်တို့ကို အချိန်တိုအတွင်း အလျင်အမြန် ပြီးစီးရန် ဇာတ်တိုက်လေ့ကျင့်ခဲ့ကြသည်။

ဇာတ်တိုက်လေ့ကျင့်ရာတွင် ဝန်ကြီးချုပ် ဦးမြတ်ကိုက ဘေးအန္တရာယ်များစွာထဲမှ ငလျင်ဘေးအန္တရာယ်သည် အချိန်မရွေးလှုပ်ခတ်နိုင်သည်ကို သတိပြုရမှာဖြစ်ကြောင်း၊ “ကြိုတင်ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုမိုထိရောက်သည် ဆိုသည့် စကားအတိုင်း ကြိုတင်ကာကွယ်မှုများကို စနစ်တကျ ထိထိရောက်ရောက် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ သဘာဝဘေးအန္တရာယ်များအကြောင်းကို ကြိုတင်လေ့လာခြင်း၊ ပြင်ဆင်ခြင်းဖြင့် ထိခိုက်ဆုံးရှုံးမှုများကို လျှော့ချနိုင်ရန် တစ်ဦးတစ်ယောက်ချင်း အသိပညာများ ပြည့်ဝပြီး အားလုံးပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားသည်။

ဇာတ်တိုက်လေ့ကျင့်မှုကို ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကြက်ခြေနီတပ်ဖွဲ့နှင့် လူမှုရေးအသင်းအဖွဲ့များက မီးငြိမ်းသတ်ယာဉ်၊ ရှာဖွေကယ်ဆယ်ရေးယာဉ်နှင့် လူနာတင်ယာဉ်များဖြင့် ဇာတ်တိုက်ခဲ့ကြရာ ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြသည်။ ထိုသို့ ဇာတ်တိုက်လေ့ကျင့်ခြင်းဖြင့် ဟိုတယ်တွင်ရှိသည့် တာဝန်ရှိသူနှင့် ဟိုတယ်ဝန်ထမ်းများအနေဖြင့် ဘေးအန္တရာယ်ဖြစ်ပွားလာပါက စနစ်တကျတုံ့ပြန်ဆောင်ရွက်ရမည့် နည်းလမ်းများကို သိရှိနားလည်ပြီး ဆောင်ရန်/ ရှောင်ရန်များကို သိရှိ၍ ပြည်သူများအနေဖြင့်လည်း သဘာဝဘေးလျော့ပါးရေးဆိုင်ရာ အခြေခံဗဟုသုတများ၊ အသိပညာများ ပြည့်စုံကြွယ်ဝမှသာ ဘေးဒဏ်ကြံ့ကြံ့ခံနိုင်သော ရပ်ရွာအသိုက်အဝန်းတစ်ခုဖြစ်လာမှာဖြစ်ကြောင်း သိရသည်။

ခိုင်ထူး(ပြန်/ဆက်)